မကွေးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေး

မကွေး ဇူလိုင် ၂၇ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ သည် မကွေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက မြို့ပေါ်ရပ်ကွက်များရှိ အသွားအလာ ကန့်သတ်ထားသည့်နေရာများအား ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ခရိုင်ပြန်/ဆက် ဦးစီးမှူး က (Stay at Home) သတ်မှတ်ထားစဉ် ကာလအတွင်း လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိကာ လိုက်နာနိုင်စေရေးအတွက် အသိပညာပေး လုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် ခရိုင်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌမှ PPE ဝတ်စုံများအား ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယင်းနောက် ခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ နှင့်အဖွဲ့ဝင်များသည် အောင်မေတ္တာရပ်ကွက်ရှိ အသွားအလာကန့်သတ်ထားသည့်နေရာများနှင့် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှု များပြားသည့် နေရာများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ ပိုးသတ်ဆေးဖျန်းနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ စည်သူလွင်(ပြန်/ဆက်)