မြိတ်ပြည်သူ့ဆေးရုံတွင် တပ်ဆင်မည့် Oxygen Plant စက် ဩဂုတ်လတွင် မြိတ်မြို့သို့ ရောက်ရှိ တပ်ဆင်မည်

မြိတ်   ဇူလိုင်   ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ဝေဒနာရှင်များ အသုံးပြုရန် အတွက်  Oxygen Plant စက်ကို မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြု ကော်မတီမှ တရုတ်နိုင်ငံသို့ မှာယူထားရှိပြီး ဩဂုတ်လအတွင်း မြိတ်မြို့သို့ ရောက်ရှိလာမည်ဖြစ်ကာ ပြည်သူ့ဆေးရုံတွင် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“ Oxygen Plant က ပြည်သူ့ဆေးရုံမှာထားမယ်။ Oxygen Plant က ဒေါ်လာ(၆)သောင်းနဲ့ သူ့နဲ့ တွဲဖက်သုံးမယ့်မီးစက်က ဒေါ်လာ(၁)သောင်းခွဲ စုစုပေါင်း(၇)သောင်းခွဲကျပါတယ်။ မှာယူထားရှိ ပြီးပြီ။ တစ်လခန့် ကြာပါ့မယ်။ ဒီစက်က Container Type ဆိုတော့ ရောက်လာရင် မီးစက်နဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ Oxygen ထည့်မယ့် အိုးတွေလည်း တစ်ခါတည်းမှာ ထားတယ်။ ဒီစက်က ကော်မတီကို ကိုဗစ်ကာကွယ်ဆေးအတွက် လှူထားတဲ့ ရန်ပုံငွေထဲမှ ဝယ်ယူတာဖြစ်ပါတယ်” ဟု မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အတွက်အထောက်အကူပြု ကော်မတီ ဉက္ကဌ ဒေါ်တင်တင်ထွေးက ပြောသည်။

အဆိုပါ Oxygen Plant စက်သည် တစ်နေ့လျှင် အောက်ဆီဂျင် အိုး(၁၀၀)ခန့် ထုတ်ပေးနိုင် ကြောင်း၊ မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် လက်ရှိအချိန်၌ အောက်ဆီဂျင်သုံးစွဲမှုအနေဖြင့် ဂန္ဓမာအောက်ဆီဂျင်စက်ရုံမှ အလုံး (၅၀)လှူဒါန်းပေးနေပြီး အလှူရှင်များနှင့် ကော်မတီမှ အလုံး(၁၀၀)မှ(၁၅၀)အထိ အောက်ဆီဂျင်အသုံးပြုလိုသူ များ အတွက် လှူဒါန်းပေးနေကြောင်း သိရသည်။

မြိတ်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများ များပြားလျက်ရှိနေပြီး ကိုဗစ်လူနာများကို မြိတ်ပြည် သူ့ဆေးရုံ သီးခြားလူနာဆောင်၊ မိခင်နှင့်ကလေးကုသဆောင်(ကန်ခေါင်ဆေးရုံ)နှင့် သံဃာ့ဆေး ရုံတို့တွင် ကျန်းမာရေးစောင့်ရှောက် ဆေးကုသပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်၌ ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသူ(၂၃၅)ဦး ရှိနေပြီး သေဆုံးသူ(၁၁)ဦး ရှိခဲ့ပြီဖြစ်ကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။

ခိုင်ထူး