ယင်းမာပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ယင်းမာပင်မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဖြိုးဟန်ထံ သွားရောက်တွေ့ဆုံမေးမြန်း

မေး   ။   ယင်းမာပင်မြို့နယ်မှာ ဒီကနေ့အထိ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သတ်ပြီး လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေကို သိချင်ပါတယရှင်းပြပေးစေလိုပါတယ်။

ဖြေ    ။   ကိုဗစ်-၁၉ ရောဂါလို့သတ်မှတ်ရင် (၂)မျိုးရှိပါတယ် ။ ကြိုတင်ကာကွယ်ခြင်း  ကာကွယ်ခြင်းနှင့် ကုသခြင်း ၊ တကိုယ်ရေကာကွယ်ခြင်းကတော့ တစ်ဉီးနှင့်တစ်ဦး (၆)ပေခွာ နေထိုင်ရန် ၊ နှာခေါင်းစည်း (Mask) တို့ တပ်ဆင်ရမည် ၊လက်ကို ဆပ်ပြာနှင့် ဆေးကြောရမယ်။  တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း ဆောင်ရွက်ရမယ် အစရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များ ကိုလည်း ဖြန့်ဝေပေးပါတယ် ၊ အများနှင့်သက်ဆိုင်သော ကာကွယ်ခြင်း ၊ဆေးဖျန်းခြင်းလုပ်ငန်း ကိုလည်း ဆောင်ရွက်ပေးနေပါတယ် ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့်လည်း လိုက်လံ နှိုးဆော် ဆောင်ရွက်နေပါတယ် ၊ ပြည်ပပြန်လာသူများနှင့် Stay Home  မြို့နယ်များမှ ပြန်လာသူများကို လည်း သီးခြားနေထိုင်ရန် စင်တာများကိုလည်း ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အထူး ကာကွယ်ခြင်းကို ကာကွယ်ဆေးထိုးခြင်းကို ဖေဖော်ဝါရီလနှင့်မတ်လတို့ မှစ၍ ယနေ့ အချိန်အထိ ကာကွယ်ဆေးထိုးရန်အတွက် ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်ပေးပါတယ် ။ ပိုးတွေ့လူနာ များကိုလည်း သီးခြားထားပြီးကုသပေးလျက် ရှိပါတယ် ။

မေး   ။   ကိုဗစ်-၁၉ ရောဂါ ဖြစ်လာခဲ့ရင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ ပြောပြပေးစေ လိုပါတယ်။      ကိုဗစ်-၁၉ ရောဂါ ဖြစ်လာခဲ့ရင် မိမိကိုယ်ကို ဘယ်လိုနေထိုင်စောင့်ရှောက် သင့်ပါ သလဲ။

ဖြေ    ။   ကိုဗစ်-၁၉ ရောဂါကို မကြောက်ပါနဲ့ ၊ မကြောက်ဘဲလည်း မနေပါနဲ့ ၊ ရောဂါပိုးက လေက တစ်ဆင့် ကူးစက်မြန်တဲ့ရောဂါ ဖြစ်ပါတယ် ။ မိမိကိုယ်တိုင် ကိုယ်ခံအားကောင်းအောင ်နေထိုင်ပါ၊  မိမိ ကိုယ်တိုင်လည်း အစားအသောက် ကိုလည်း ပုံမှန်တိုင်း စားသောက်နေထိုင်ကြပါ။ အစား အသောက် ကို ရှောင်ရမယ်ဆိုတာ မရှိပါဘူး ။ မိမိအသုံးဆောင်ပစ္စည်းများကိုလည်း သီးခြား ထားရန်လိုအပ်ပါတယ် ။ တစ်ကိုယ်ရေသုံး ပစ္စည်းများကို မျှဝေသုံးစွဲခြင်းမှရှောင်ကြဉ်ရပါမယ်။

မေး   ။   ယင်းမာပင်ဆေးရုံမှာ လက်ရှိဆောင်ရွက်ပေးနေမှု အခြေအနေတွေကို သိရှိလိုပါတယ် ။

ဖြေ    ။   ကာကွယ်ခြင်းကို ကျွန်တော်ကိုယ်တိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ ၊ မိတ်ဖက်အဖွဲ့အစည်းများ ဆောင်ရွက်ပေးနေပါတယ်။ ယင်းမာပင်မြို့နယ်မှာ ပိုးတွေ့ လူနာ (၄၀)ဦး အထိ  လက်ခံကုသပေးနိုင်ပါတယ်။ လိုအပ်တဲ့ အောက်စီဂျင်နှင့်ဆေးဝါး များမှာလည်း အပြည့်အစုံ ရှိပါတယ်။ လိုအပ်သော အောက်ဆီဂျင်ပေးစက်၊အောက်ဆီဂျင်ဖြည့်အိုးများ ကိုလည်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၊ လူမှုကူညီရေး အသင်းတို့နှင့် ပေါင်းစပ်ဆောင်ရွက်နေပါတယ်။

မေး   ။   ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေကို ရောဂါရှိ/မရှိ ဘယ်လိုစစ်ဆေးပေးနေပါသလဲ။

ဖြေ    ။   ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေကို Test Kid နဲ့ စစ်ပေးနေပါတယ် ။ တစ်ပတ်လျှင် အင်္ဂါ နေ့ နှင့် ကြာသာပတေးနေ့တို့တွင် စစ်ဆေးပေးနေပါတယ် ။ ပိုးမတွေ့ရင်လည်း အိမ်မှာ (၃)ပတ် သီးခြားနေထိုင်ခိုင်းပါတယ်။ ပိုးတွေ့လူနာများကိုတော့ ယင်းမာပင်မြို့ ယင်းမာပင်ပြည်သူ့ဆေးရုံ ကိုဗစ်-၁၉ သီးသန့်လူနာဆောင် (Isolation Word )တွင် ထားရှိကုသပေးပါတယ် ။

မေး   ။   ပြည်သူတွေအနေနဲ့ ရောဂါလက္ခဏာတွေတွေ့ရင်ဘယ်လိုဆက်သွယ်ဆောင်ရွက်လို့ရပါသလဲ။

ဖြေ    ။   ပြင်းထန်စွာဖျားခြင်း ၊ ချောင်းဆိုး၊လည်ချောင်းနာ၊အနံ့ပျောက်၊ဗိုက်နာ၊မျက်စိနီနှင့် ပြင်းထန် တုပ်ကွေးလက္ခဏာများရှိလျှင် လာရောက်ဆက်သွယ်သင့်ပါသည်။

မေး   ။   ရောဂါပိုးတွေ့ရှိပြီဆိုရင် ဘယ်လိုဆောင်ရွက်ပေးပါသလဲ။

ဖြေ    ။   ရောဂါပိုးတွေ့ရှိပြီးဆိုရင် ဆေးရုံမှာ (၁၁)ရက် (သို့မဟုတ်)  (၁၄)ရက် နေထိုင်ရပါတယ်။ အိမ်မှာ (၁၄)ရက် နေထိုင်ရပါတယ် ။  တစ်လ နီးပါး သီးခြားနေထိုင်ရပါတယ်။

မေး   ။   ဘယ်လိုရောဂါလက္ခဏာမျိုးပြသရင် စိုးရိမ်ရတဲ့အခြေအနေလို့ခေါ်ပါသလဲ။

ဖြေ    ။   သွေးအတွင်း အောက်ဆီဂျင်ကျခြင်း၊အလွန်အမင်းမောပန်းခြင်း ၊ အသက်ကြီးခြင်း၊ အသက်ရှုမဝ/ ကြပ်ခြင်း၊အဖျားကြီးခြင်း၊အစာအိမ်သွေးယိုစီးမှုလက္ခဏာရှိခြင်း၊ ဆီးချို၊သွေးတိုး စသော ရောဂါ အခံရှိခြင်းများရှိပါကစိုးရိမ်ရပါတယ်။

မေး   ။   လက်ရှိအနေအထားအရ အောက်ဆီဂျင် ပြတ်လပ်မှုတွေ ကြုံတွေ့နေရတယ်လို့ ကြားသိ ရပါတယ်။ ယင်းမာပင်ဆေးရုံမှာရော လူနာတွေအတွက် အောက်ဆီဂျင် ပြတ်လပ်မှုမရှိအောင် ဘယ်လိုစီစဉ် ဆောင်ရွက် ထားပါသလဲ။

ဖြေ    ။   ယင်းမာပင်ဆေးရုံမှာရော လူနာတွေအတွက် အောက်ဆီဂျင်ပြတ်လပ်မှုမရှိပါဘူး ၊ အောက်ဆီဂျင် ပေးတဲ့စက် (၃) လုံး ၊ အောက်ဆီဂျင်ပြန်ဖြည့်ရသောလေအိုး (၄၀) လီတာ (၁၀)လုံး အဆင့်သင့်ရှိ ပါတယ်။ လူနာကိုမော်နီတာပေးတဲ့စက် လည်း ဆေးရုံမှာရှိပါတယ်။လက်ရှိဆေးရုံတက်နေတဲ့ လူနာ (၄၀)ဦးမှာလည်း အောက်ဆီဂျင်ပေးနေရတဲ့ လူနာလည်း မရှိသလောက်ပါဘဲ ၊ ယင်းမာပင်ဆေးရုံမှာရော လူနာတွေအတွက် အောက်ဆီဂျင် လုံလောက်ပြည့်စုံပါတယ်။

မေး   ။   ယင်းမာပင်မြို့နယ်မှာ Quaratine Center နဲ့ပတ်သက်ပြီး  ဘယ်လိုဆောင်ရွက်ထားပါသလဲ။

ဖြေ    ။   ယင်းမာပင်မြို့နယ်မှာ ပိုးတွေ့လူနာများလာရင် လူနာဦးရေ(၂၀)စီ ထားဖို့အတွက်  Quaratine Center (၃)နေရာကို စီစဉ် ဆောင်ရွက်ထားပါတယ် ။ မြို့တော်ခန်းမ၊  မိုးလုံလေလုံအားကစား ခန်းမ နှင့်     ကုသဆောင်(၂)      များတွင် စီစဉ်ဆောင်ရွက်ထားပါတယ်။

မေး   ။   ပိုးတွေ့လူနာတွေအတွက် ဆေးရုံမှာ ဆောင်ရွက်ပေးနေမှုအခြေအနေကိုသိရှိလိုပါတယ်။

ဖြေ    ။   ပိုးတွေ့လူနာများကို ဆေးရုံတွင် စောင့်ကြပ်ပြီးတစ်နေ့လျှင် နှစ်ကြိမ်လိုအပ်ချက်များကို ကြည့်ရှု့ ပေးသည့်အပြင် အရေးပေါ်ကုသမှုကိုလည်း အချိန်မှီ ဆောင်ရွက်ပေးနေပါတယ်။

မေး   ။   လက်ရှိဆေးရုံတက်နေတဲ့လူနာဦးရေနဲ့ပြန်လည်ကျန်းမာလာမှုအခြေအနေ သိရှိလိုပါတယ်။

ဖြေ    ။   ကျွန်တော်တို့ ယင်းမာပင်မြို့နယ်မှာဆိုရင် ပိုးတွေ့လူနာဦးရေအနေနဲ့ (၁၄၄) ဦးရှိပါတယ် ။ အဲဒီထဲမှာမှ သေဆုံးသူ(၁)ဦးရှိပါတယ်။  သေဆုံးသူမှာ  ပိုးတွေ့တာ မှန်သော်လည်း အသက် အရွယ်ကြီးရင့်ပြီဖြစ်ပြီး  အသဲခြောက် ၊ အစာအိမ်သွေးကြောပေါက် ရောဂါဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင် ပိုးတွေ့လူနာအားလုံးကျန်းမာပြီး ဆေးရုံမှဆင်းသွားပြီဖြစ်ပါတယ် ။

 

မေး   ။   ကာကွယ်ဆေးထိုးဖို့ ကျန်ရှိနေသေးတဲ့သူများကို ထိုးနှံပေးနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိရှိလိုပါတယ်။ထိုးနှံပြီးသူများရော ရောဂါကူးစက်နိုင်ပါသလားဆရာ။

ဖြေ    ။   ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် အ‌ခြေအနေ(၂)မျိုး နဲ့ ဆောင်ရွက်နေပါတယ်၊  နံပါတ်(၁) အချက်အနေနဲ့  အသက်အရွယ် အပိုင်းအခြား ၊ နံပါတ်(၂) က ပြည်သူလူထု နဲ့ထိစပ်တဲ့ လူရဲ့ အလုပ်အကိုင်အနေအထား နဲ့ ဆောင်ရွက်ပါတယ် ။ အသက်တအားငယ်တဲ့ (၁၈)နှစ်အောက် ဆိုရင် ကာကွယ်ဆေး ထိုးမပေးပါဘူး။ အသက်တအားကြီးတဲ့သူတွေ ၊ ပင်စင်စားတွေ ၊ Public နဲ့ ထိစပ်တဲ့လူတွေ၊ လူမှုရေးအဖွဲ့အစည်းက လူတွေကို ဦးစားပေးပြီး ကာကွယ်ဆေးကို ညွှန်ကြားချက်အတိုင်း ထိုးပေးပါတယ်။ ကာကွယ်ဆေး ပထမအကြိမ်ထိုးရင် (၇၆)ရာခိုင်နှုန်း ၊ ဒုတိယအကြိမ်ထိုးရင် (၉၈)ရာခိုင်နှုန်း ကာကွယ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးရင်လည်း မကူးဘူးတော့ မဟုတ်ဘူး ကူးပါတယ် ။ ဒါပေမယ့် ဆိုးဝါးတဲ့ ကိုဗစ် ၊ သေနိုင်လောက်တဲ့ကိုဗစ် တော့ ရောဂါတော့ မဖြစ်ပါဘူး။ အဲဒါကတော့ ကာကွယ်ဆေးရဲ့ ကောင်းကျိုးတစ်ခုဖြစ်ပါတယ်။

မေး   ။   အခြားဖြည့်စွက် ပြောကြားလိုတာရှိရင် ပြောကြားပေးပါဆရာ။

ဖြေ    ။   အခြားဖြည့်စွက် ပြောရမယ်ဆိုရင် ကျွန်တော်တို့ လက်ရှိ အနေအထားကတော့ ကျွန်တော်တို့ လုပ်နေတာက၊ ကာကွယ်ရေးရော ၊ ကုသရေးရော အစစအရာရာ အကုန်လုံး လုပ်ကိုင် နေပါ တယ်။ ကျန်းမာရေးဌာနရော၊ ဆိုင်ရာနှီးနွယ် ဌာနတွေရော ၊ ပြည်သူလူထုရော ၊ လူမှုရေး အဖွဲ့အစည်းများရော ပေါင်းစပ်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ထပ်ပြီးတော့ လိုအပ်ချက် တွေလည်းရှိကောင်း ရှိနိုင်ပါတယ် ။ သို့သော် ဒီဟာသည် ပြည်သူနဲ့ အများနဲ့ဆိုင်တဲ့ ရောဂါဖြစ်တဲ့အတွက် ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်မှ စည်းကမ်းတကျ နေမှသာ  ဒီရောဂါကို အောင်မြင်စွာ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ကျတော့်အနေနဲ့ ပြည်သူပြည်သား အားလုံးကလည်း ပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ ပြောကြားလိုပါတယ်။

             ဦးသန်းဌေး(ပြန်/ဆက်)