ဂန့်ဂေါ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ဟံသာဝတီကျေးရွာသို့ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းဖြင့် ချေးငွေထုတ်ချေးပေးနိုင်ရန် ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ကျေးရွာလူထုတို့သည် ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က (ဟံသာဝတီ)အစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။
ဆွေးနွေးရာတွင် ဂန့်ဂေါခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းအောင်က ဂန့်ဂေါမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများဟာ လူမှုစီးပွားထိခိုက်မှုဒဏ်ခံစားနေရပြီး တောင်သူများ၊ အသေးစားစီးပွားလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လုပ်ငန်းကိုပြန်လည်စတင်နိုင်ရန်၊ ငွေကြေးအရင်းအနှီးများ လိုအပ်သည်များကို ပြန်လည်ကုစားနိုင်ရေး အတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(Village Revolving Fund Project- VRFP)စီမံကိန်းကို နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စသည်တို့ကိုပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာကြည်က ကျေးရွာမတည် ရန်ပုံငွေ(VRFP)စီမံကိန်းဖြင့် ငွေထုတ်ချေးရန် ကန့်ကွက်လိုသူ ရှိ/မရှိတို့ကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဂန့်ဂေါမြို့နယ် ဟံသာဝတီကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ(၉၇)ဦးအတွက် (၁၂၃)သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ(၁၂၇)ဦးအတွက် (၁၄၀)သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁၉)ဦး အတွက် (၂၄)သိန်းနှင့် အသက်မွေးဝမ်းကျောင်း (၁၂)ဦးအတွက် (၁၃)သိန်းနှင့် လူဦးရေစုစုပေါင်း (၂၅၅) ဦးအတွက် ကျပ်သိန်း(၃၀၀) ကို ထုတ်ချေးပေးနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။ ထင်အောင်နိုင်(ဂန့်ဂေါ)