ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံနှင့် မိုင်းဆတ်မြို့တို့တွင် အလှူရှင်များ ပါဝင်လှူဒါန်းမှုဖြင့် အောက်ဆီဂျင်ထုတ်စက်ရုံများမကြာမီတည်ဆောက်နိုင်တော့မည်

ကျိုင်းတုံဇူလိုင်၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကျိုင်းတုံမြို့နှင့် မိုင်းဆတ်မြို့တို့တွင် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် အောက်ဆီဂျင်ထုတ်စက်ဝယ်ယူတည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိရာ မကြာမီကာလအတွင်း စက်ရုံများ စတင်တည်ဆောက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် အောက်ဆီဂျင်ထုတ်စက် တည်ဆောက်နိုင်ရေးဆောင်ရွက်လျက်ရှိရာ၌ ဌာနဆိုင်ရာ များနှင့် အလှူရှင်များ ပါဝင်လှူဒါန်းမှုဖြင့် တစ်ရက်လျှင် အောက်ဆီဂျင် (၄၀)လီတာအိုး
အလုံး (၁၀၀)ခန့်ထုတ်နိုင်သည့် အောက်ဆီဂျင်ထုတ်စက်ဝယ်ယူတပ်ဆင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ လက်ရှိတွင် အလှူငွေကျပ်သိန်း ၁၉၀၀ကျော် ရရှိနေပြီဖြစ်ကြောင်း၊ အောက်ဆီဂျင်ထုတ် စက်ရုံကို ကျိုင်းတုံပြည်သူ့ဆေးရုံ၌ သြဂုတ်လ ပထမပတ်အတွင်း စတင်တည်ဆောက်မည် ဖြစ်ကြောင်းနှင့် အောက်ဆီဂျင် (၄၀)လီတာအိုး (၁၀၀)ကိုလည်း ကျိုင်းတုံမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်ထံမှ သိရသည်။

အလားတူ မိုင်းဆတ်မြို့တွင် အောက်ဆီဂျင်ထုတ်စက်ဝယ်ယူနိုင်ရန် ရှမ်းပြည် နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ ငွေကျပ် သိန်း(၅၅၀)မတည်မှုဖြင့် ဇူလိုင်လ (၂၅)ရက်နေ့အထိ အလှူရှင်များမှ ပါဝင်လှူဒါန်းငွေကျပ်(၄၃၆)သိန်းကျော်ရှိပြီဖြစ်ရာ စက်ရုံအား သြဂုတ်လအတွင်း  စတင်ဆောင်ရွက် မည်ဖြစ်ကြောင်းလည်းသိရသည်။

ထို့အပြင် လက်ရှိတွင် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံရှိ တစ်နေ့လျှင် (၄၀) လီတာအိုး (၂၅)လုံး ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်ထုတ်စက်မှ လိုအပ်မှုများအား ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိ သည့်အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉​ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ စီစဥ်မှုဖြင့် ဒေသအတွင်း အောက်ဆီဂျင်လိုအပ်ချက်များကို အထောက်အကူပြု အသုံးပြုနိုင်ရန်
အောက်ဆီဂျင်(၄၀)လီတာအိုး အလုံး (၁၀၀)ကိုလည်း မိုင်းလားနယ်စပ်မှတစ်ဆင့် ကျိုင်းတုံမြို့တွင် ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

ဖြိုးလေး၊ အောင်ဇင်မြင့် (ပြန်/ဆက်)