ပြည် ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးဝန်း၌ တစ်ရက်လျှင် (၄၀)လီတာဆံ့ အောက်ဆီဂျင်အိုးကြီးအလုံး(၂၀၀) ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစက်ရုံတည်ဆောက်မည့်မြေနေရာ၌ ဇူလိုင်၂၆ရက် ယနေ့နံနက်ပိုင်းက ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးတိုးလှိုင်၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းဦး၊ တာဝန်ခံဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုးနှင့် မြို့မိမြို့ဖ ဦးမောင်မောင်တို့က ယနေ့နံနက် (၉)နာရီတိတိအချိန်တွင် သတ်မှတ်နေရာများ၌ ပန္နက်တင်၍ အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးခဲ့ကြသည်။
အဆိုပါစက်ရုံကို ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ စီမံမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပြီး ယခုလ ၂၉ရက်နှင့် ၃၀ရက်နေ့တို့တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ပစ္စည်းများနှင့် စက်ရုံသုံးဆက်စပ်ပစ္စည်းများရောက်ရှိမည်ဖြစ် ကြောင်း၊ ခန့်မှန်းကုန်ကျငွေကျပ် သိန်း(၃၀၀)ခန့်ကုန်ကျမည့် ပေ(၄၀)×(၆၀)ပေ အဆောက်အဦအား မြို့မိမြို့ဖ၊ အလှူရှင်များနှင့်တာဝန်ရှိသူများက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စက်ရုံအားအမြန်ဆုံးတည်ဆောက်မည်ဖြစ်ကြောင်းနှင့် စက်ရုံတည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် (၄၀)လီတာ အောက်ဆီဂျင်အိုးကြီး အလုံး(၂၀၀)ခန့်ထုတ်လုပ်နိုင်မည်ဖြစ်၍ ဆေးရုံကြီးလူနာများ၏ အောက်ဆီဂျင် လိုအပ်ချက်အတွက် စိတ်ချရမည်ဖြစ်ကြောင်း၊ လက်ရှိပြည်ဆေးရုံကြီးတွင် တစ်ရက် အောက်ဆီဂျင်အိုးကြီး အလုံး(၇၀) ထုတ်လုပ်သည့် စက်ရုံတစ်ရုံရှိပြီးဖြစ်ကာ ဆေးရုံကြီးအနေဖြင့် လက်ရှိအခြေအနေတွင် တစ်ရက်လျှင် အောက်ဆီဂျင်အိုးကြီး အလုံး ၂၀၀ နှင့် ၂၅၀အကြားအသုံးပြုနေရပြီး လိုအပ်လျက်ရှိနေသေးကြောင်း တာဝန်ခံဆေးရုံအုပ်ကြီးထံမှ သိရသည်။
ကိုဆက်