ဖောင်းပြင်မြို့နယ်တွင် VRFP ရန်ပုံငွေများ ကျေးရွာအရောက် ကွင်းဆင်းထုတ်ချေး

ဖောင်းပြင် ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးအရာရှိ ဦးသန်းဇော်ဝင်း (နည်းပညာ) နှင့် ဝန်ထမ်းများ က ကျေးရွာရန်ပုံငွေမတည်စီမံကိန်း ချေးငွေများထုတ်ချေးပေးခြင်းကို ယမန်နေ့ ညနေပိုင်းက မားသီးကျေးရွာသို့ သွားရောက်ထုတ်ချေးပေးခဲ့ ကြောင်းသိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေး ထိခိုက်အမှုများအား ပြန်လည်ကုစားသည့် အစီအစဉ် (CERP) အရ ကျေးရွာရန်ပုံငွေ မတည် စီမံကိန်းကို ဖောင်းပြင်မြို့နယ်၌ ကျေးရွာ(၆)ရွာကို  ဆောင်ရွက်ခွင့်ပြုခဲ့ရာ စီမံကိန်းများ စတင် နိုင်ရန် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ချေးပေးရာတွင် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်တွင်  မားသီးကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်မည့်သူ (၃၄) ဦးအတွက် စုစုပေါင်း ငွေကျပ် (၁၉၄) သိန်းကို ကျေးရွာမှ စီမံကိန်းကော်မတီဝင်များနှင့် ပူးပေါင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)