ပဲခူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့် အသိပညာပေး နှိုးဆော်ဆောင်ရွက်

ပဲခူး ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ​ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖျန်းခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာ​ပေး နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။


ထိုသို့ ​သိပညာပေး နှိုးဆော်​​ဆောင်ရွက်ရာပဲခူးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ (၂၂)ရက် ည(၇)နာရီအထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၁၆၇၉)ဦး၊ ဆေးရုံတက်ရောက် ကုသနေသူ(၆၆၄)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူ (၉၇၅)ဦးနှင့် သေဆုံးသူ(၄၀)ဦးရှိပြီဖြစ်သဖြင့် လတ်တလောအခြေအနေအရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ်တွင်သာနေထိုင်ကြရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေ အပြင်ထွက် ရပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး (၆)ပေအကွာမှ ခပ်ခွာခွာနေရန်၊ နှာခေါင်းစည်း (Mask)မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ စျေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ လက်ဆေးခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သက်ကိုင်တွယ်ခြင်း မပြုလုပ်ရန်စသည့် သတိထားလိုက်နာရမည့်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မီးသတ်မော်တော်ယာဉ်များ၊ အသံချဲ့စက်များဖြင့် လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။


မျိုးငြိမ်း