စစ်ကိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်သူများအား ရှာဖွေသယ်ယူပို့ဆောင်ပေး

စစ်ကိုင်း ဇူလိုင် 23 

စစ်ကိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ထိစပ်သူများအား အချိန်နှင့်တစ်ပြေးညီ ရှာဖွေ၍ သက်ဆိုင်ရာ ကုသရေးစင်တာများ၊ ကန့်သတ်စောင့်ကြည့်ရေးနေရာများသို့ လျင်မြန်စွာ သယ်ယူပို့ ဆောင်ပေးနေလျက်ရှိကြောင်း ကိုဗစ်-၁၉ရောဂါ သံသယလူနာစောင့်ကြည့်ရေးနှင့် သယ်ယူပို့ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ကတော့ ကိုဗစ်-၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေမှာလည်း ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ တတိယလှိုင်းမှာလည်း ယခင်ဆောင်ရွက်ပေးခဲ့သလို ယခုလည်းပဲ သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ အခြားအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ ပရဟိတ အသင်းပေါင်း(၈)သင်းရှိပြီး အဖွဲ့ဝင်(၇၁)ဦး ရှိပါတယ်။ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာတွေကို ကုသရေးစင်တာတွေမှာ သယ်ယူပို့ဆောင်ပေးနေသလို သူတို့တွေနဲ့ ထိစပ်တဲ့သူတွေ ကိုလည်း ရှာဖွေပြီး ကန့်သတ်စောင့်ကြည့်ရေး နေရာတွေမှာ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးနေပါ တယ်။ ယနေ့ထိ သယ်ယူပို့ဆောင်ပေးခဲ့တာဟာဆိုရင် ခေါက်ရေ(၁9၀)ကျော်ရှိခဲ့ပါပြီ။ အခက်အခဲ အနေနဲ့တော့ စက်သုံးဆီပိုင်း အနေအထားရယ် နောက်(PPE) ဝတ်စုံရယ်ကိုတော့ အစဉ်အမြဲ အသုံးပြု နေရတာဖြစ်တဲ့အတွက် အခက်အခဲလေးတော့ ရှိလာမယ်ထင်တယ်ခင်ဗျ။ အခက်အခဲတွေ ကျော်လွှား ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေလုပ်ဆောင်ရတာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်သွားနိုင် မယ်လို့ ယုံကြည်မိပါတယ် ’’ဟု ကိုဗစ်-၁၉ သံသယလူနာ စောင့်ကြည့်ရေးနှင့်သယ်ယူပို့ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးမြင့်သိန်းထွန်းက ပြောပြ၍သိရသည်။

စစ်ကိုင်းမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ ရောဂေါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်မာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေလျှက် ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်