ထားဝယ်မြို့၌၁၃၈၃ခုနှစ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့်ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

ထားဝယ် ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ၁၃၈၃ခုနှစ်ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီက ထားဝယ်မြို့လောကမာရဇိန် ဘုရားကြီးဓမ္မာရုံ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်

 

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က လောကမာရ ဇိန်ဘုရားကြီးဓမ္မာရုံ၌ ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်ကြီးအား ရွှေကြာ သင်္ကန်း ဆက်ကပ်ပူဇော်သည်

 

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး​ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သရက်ချောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ညောင်ဇင်ကျောင်းသစ်ကျောင်း ဆရာတော်ဘဒ္ဒန္တကောသလ္လ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ထံတွင် ငါးပါး သီလခံယူဆောက်တည် ကာ ဆရာတော်၊ သံဃာ့တော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

 

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး​ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ဆရာတော်၊ သံဃာ့တော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း၍ ဃောသိတရာမပါဠိတက္ကသိုလ်ကျောင်း၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရဆရာတော်ဘဒ္ဒန္တဝိဇ္ဇောဒယထံမှှ အနုမောဒနာတရားတော်မြတ်ကို နာယူကြည် ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး​ကောင်စီနှင့် တိုင်းဒေသကြီး ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများက ဝါဆိုသင်္ကန်း(၁)စုံ၊ ဆွမ်းဆန်တော်လှူဒါန်းမှုမှာ ထားဝယ်ခရိုင်(၄)မြို့နယ်တွင် စုစုပေါင်းငွေကျပ်(၁၃၀၁၄၄၀၀)နှင့် ယနေ့ အခမ်းအနားတွင် သံဃာ့တော်များ လှူဒါန်းငွေကျပ် (၆၂၁၉၀၀)ဖြစ်ပြီး ထားဝယ်ခရိုင်ရှိ ကျောင်းပေါင်း (၇၃၆)ကျောင်း၊ ရဟန်း/သာမဏေ/ သီလရှင် ပေါင်း (၄၆၄၈)ပါး ဝါဆိုသင်္ကန်း(၁)စုံစီနှင့် ဆွမ်းဆန်  တော်အိတ်ပေါင်း (၅၉၈)အိတ်လှူဒါန်း ငွေစုစုပေါင်း(၁၃၆၃၆၃၀၀)ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ထားဝယ်မြို့ရှိသီလရှင်ကျောင်း(၈)ကျောင်းသို့ ဆန်အိတ်အကြီး(၃၀) အိတ်နှင့် ဆန်အိတ် အငယ်(၂၄)အိတ်အား တာဝန်ရှိသူများက ကျောင်းအရောက် ဆက်ကပ်လှုဒါန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

                                                                                     

ဦးကျော်ကျော်လတ်