ဟားခါး ဇူလိုင် ၂၃
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဉီးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အသံချဲ့စက်ဖြင့် လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ လိုက်လံအသိပေးနိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့သို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီတို့က ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် လမ်းညွှန်ချက်များကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့ပြီး ပြင်ပမှလာသော ဧည့်သည်များကို လက်မခံရန်နှင့် မိမိနေအိမ်တွင်သာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်သွားလာစေရန်၊ တစ်ဉီးနှင့်တစ်ဉီးအနည်းဆုံး ( ၆ ) ပေအကွာမှ နေထိုင်ပြောဆိုရန်၊ လူစုလုဝေး ရှောင်ရှားရန်နှင့် အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ( ၂၀ ) ကြာအောင် ဆေးကြောရန် စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည် ။
ဟားခါးမြို့နယ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home အဖြစ် သတ်မှတ်ကြေညာသည့် ဇွန်လ ၄ ရက်နေ့ မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအသိပညာပေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ အသံချဲ့စက်ဖြင့် မြို့တွင်းလှည့်လည်နှိုးဆော်၍လည်းကောင်း အများပြည်သူ ကြားသိနိုင်မည့် နေရာများမှ Loudspeaker ဖြင့်လည်းကောင်း အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း ဟားခါးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကျော်အောင်၏ ပြောပြချက်အရ သိရသည်။