ထန်ပါခွေ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများပူးပေါင်း၍ မြို့အတွင်းရှိပြည်သူများ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင်ရေး၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည်များ လက်မခံရေး၊ အခြားသူများထံသို့ သွားရောက်၍မလည်ပတ်ရေး၊ အရေးကြီးကိစ္စပေါ်ပေါက်လာပါက နေအိမ်ပြင်ပ ထွက်ခွာရလျင် Mask ကိုစနစ်တကျ တပ်ဆင်ရေး Mask မတပ်ဆင်သူများထံမှ စျေးဝယ်ခြင်း ရှောင်ကြဉ်စေရေး၊ လူစုလူဝေး ရှိသောနေရာများကို ရှောင်ကြဉ်စေရေး၊ လက်ကို မကြာခဏ ဆေးကြောစေရေး၊ လက်မဆေးပဲပါးစပ် ၊ နှာခေါင်း ၊ မျက်စိတို့ကို ပွတ်သတ်ကိုင်တွယ်ခြင်းမပြုစေရေး၊ အပြင်မှပြန်လာတိုင်း Mask ကို စနစ်တကျ စွန့်ပြစ်ရေး၊ အဝတ်မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်မီ၊ အိမ်သားများနှင့် အနီးကပ်မထိတွေ့စေရေး၊ ရောဂါကူးစက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရေး၊ ကိုဗစ်ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီချို၊ နှလုံး ၊ သွေးတိုး ရှိသူများကို ကူးစက်ခံရပါက ပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် ပြည်သူများပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေရေး စသည့် အချက်များကို အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းကာ အသံချဲ့စက်ဖြင့် မြို့အတွင်းသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ဟန်ထွန်း(အင်းဝ)