ဘားအံ ဇူလိုင် ၂၂
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကျန်းမာရေးဆိုင်ရာအသင်းအဖွဲ့များ တွေ့ဆုံသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက်ဖြစ်ပွားမှု နည်းပါးသေးသော်လည်း မြဝတီမြို့တွင်မူ ရောဂါဖြစ်ပွားမှုများသည့်အတွက် Stay at Home ကြေညာထားပါကြောင်း၊ မိမိတို့ပြည်နယ်တစ်ခုတည်းတွင် ဖြစ်ပွားနေခြင်းမဟုတ်ဘဲ တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် အများပြည်သူ ပူးပေါင်းပါဝင်မှုလိုအပ်ပြီး အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်မှသာ ကပ်ရောဂါဆိုးကြီးကို တွန်းလှန် ကျော်လွားနိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်အသီးသီးရှိ ဆေးရုံများ၊ စင်တာများတွင် ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီး လူသားအရင်းအမြစ်များ လိုအပ်လျက်ရှိကြောင်း၊ လိုအပ်ချက်များအားလုံးကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သော်လည်း လူသားအရင်းအမြစ်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆရာဝန်အသင်း၊ သူနာပြုသားဖွားအသင်းနှင့် ကျန်းမာရေးမှူး အသင်းတို့မှ အသင်းဝင်များက ကိုဗစ် - ၁၉ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုကြောင်း၊ ကုသရေးလုပ်ငန်းများတွင် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးမှူးများ၏ အင်အားကို လိုအပ်လျက်ရှိသည့်အတွက် ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၄) ဦးစောခင်မောင်မြင့်က လိုအပ်သည့် အင်အားများကို ဖြည့်ဆည်းပေးနိုင်လျှင် ဖြည့်ဆည်းပေးကြစေလိုကြောင်း၊ ကိုဗစ်စင်တာများတွင် ကျန်းမာရေးပညာရှင်များမှ ပါဝင်ဆောင်ရွက်ပေးကြမည်ဆိုလျှင် ပိုမိုထိရောက်နိုင်မည်ဖြစ်ကြောင်း၊ ဆန္ဒရှိမည်ဆိုပါက လူမှုရေးစိတ်ဓါတ်အပြည့်ဖြင့် ကူညီဆောင်ရွက်ပေးမည်ဆိုလျှင် လိုအပ်သည့် ပံပိုးမှုများအားလုံးကို စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်က မိမိတို့နှင့် ဆက်စပ်ပတ်သတ်နေသူများ အားလုံးကို စည်းရုံးဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော ဆရာဝန်အသင်း၊ သူနာပြုသားဖွားအသင်း၊ ကျန်းမာရေးမှူးအသင်းတို့မှ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးနိုင်သည်များ၊ လိုအပ်ချက်များနှင့် ဆက်သွယ်စုံစမ်းစည်းရုံး၍ ပြန်လည်တင်ပြပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း