ကလေးဝ ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ် စီးပွားရေးကုစားမှု အစီအစဉ်အရ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (၆) ရွာအနက် ကျော်ဇင်ကျေးရွာအုပ်စု၊ စခန်းကြီးကျေးရွာ၌ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ယမန်နေ့ ညနေ ၄ နာရီက တာဝန်ရှိသူများက ကွင်းဆင်း၍ စစ်ဆေးခဲ့သည်။
အဆိုပါ (CFW) စီမံကိန်းဖြင့် စခန်းကြီးကျေးရွာအား စိမ့်စမ်းရေပိုက်သွယ်တန်းခြင်း ပိုက်လိုင်း တူးဖော်ခြင်းလုပ်ငန်း အလျား (၅၆၀၀) ပေ နှင့် ရေနုတ်မြောင်းတူးဖော်ခြင်း အလျား (၁၇၈၀) ပေ လုပ်ငန်းများ စတင်ဆောင်ရွက်မှု အခြေအနေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းမြင့်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မိုင်နီလာထွေးနှင့် ဝန်ထမ်းများ၊ စီမံကိန်းကျေးရွာကော်မတီဝင်များက ကွင်းဆင်း၍ ကြည့်ရှုခဲ့သည်။
(CFW) စီမံကိန်းကို ကျေးရွာတစ်ရွာလျှင် ခွင့်ပြုငွေ ကျပ်သိန်း(၁၀၀)ဖြင့် ဆောင်ရွက်နေ တာဖြစ်ပြီး၊ စီမံကိန်း၏ ခွင့်ပြုငွေ (၆၀) ရာခိုင်နှုန်းအား လုပ်အားခငွေအဖြစ် အသုံးပြု၍ (၄၀) ရာခိုင်နှုန်းကို ပစ္စည်းဝယ်ယူရန် သုံးစွဲမည်ဖြစ်သည်။
ကျေးလက်နေ ပြည်သူများ၊ စီမံကိန်းကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါကာလမှာ အသေးစားစီးပွားရေး လုပ်ငန်း၊ ကျေးရွာတွေမှာ လိုအပ်တဲ့ ကျေးရွာသုံး အဆောက်အဦနဲ့ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းစသည့် သုံးလတာ ကာလတိုအတွင်းမှာပြီးစီးမယ့် လုပ်ငန်းများကို ရွေးခြယ် ဆောင်ရွက်နေတာဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မိုင်နီလာထွေးက ရှင်းပြခဲ့သည်။
ကလေးဝမြို့နယ်တွင် ကျော်ဇင်အုပ်စု၊ အုန်းပင်စုကျေးရွာနှင့် စခန်းကြီးကျေးရွာ၊ တုန်နန်းအုပ်စု၊ မာန်လုံကျေးရွာ၊ ရှဲဂန်းအုပ်စု၊ ခေါမကျေးရွာ၊နန်းပင်းအုပ်စု၊ဟင်တင်ကျေးရွာ၊ မိုးကောင်းအုပ်စု၊ စင်းပဲကျေးရွာ၊ စုစုပေါင်း ကျေးရွာ(၆)ရွာ တို့အား ရွေးခြယ်ထားပြီး ကော်မတီများ ဖွဲ့စည်းကာ စီမံကိန်းလုပ်ငန်းများကို သုံးလအတွင်း အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)