မင်းဘူးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ပြည်သူများသိရှိလိုက်နာစေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်

မင်းဘူး   ဇူလိုင်   ၂၂

နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူစက်ပျံ့ပွားမှုနှုန်း မြင့်တက်လာနေသည့်အတွက် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို အသံချဲ့စက်များ၊ Hand Speaker များဖြင့် မြို့ပေါ် ရပ်ကွက်များသို့ လှည့်လည်၍ သတိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထိုသို့ အသံချဲ့စက်တပ် မော်တော်ယာဉ်များဖြင့် သတိပေး နှိုးဆော်ရာတွင် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်၊ မိမိကလည်း အခြားသူများထံ မသွားရန်၊ အရေးကြီး ကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကိုစနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာနေပြီး Mask မတပ်သူများနှင့် စကားပြောခြင်း ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေး ရှိသည့်နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ တစ်ခုခု ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးကြောရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို  ပွတ်သပ်ကိုင်တွယ်ခြင်းများ မပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်းသည့် အခန်းများတွင် နေထိုင်ရန်၊ နေအိမ်မှ ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ရန်၊ အပြင်ထွက်ရာမှ ပြန်လာသည်ဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးသည့် အချိန်ဖြစ်စေ ပါးစပ် နှာခေါင်းစည်း Mask များကို အိမ်အပြင်တွင် စွန့်ပစ်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ၊ ကိုယ်လက် သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် မထိတွေ့ကြရန်၊ အကယ်၍ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှု ခံယူကြရန် စသည့် ကိုဗစ် အန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို လိုက်လံ သတိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။ မင်းဘူးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်ချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု မရှိစေရေးအတွက် ယခုကဲ့သို့ လိုက်လံ နှိုးဆော်ခြင်းများကို အပတ်စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ အပြင်သို့ သွားလာသည့်အခါ ပါးစပ် နှာခေါင်းစည်းများ တပ်ဆင် သွားလာရေးအတွက် Mask Campaign ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာထက် (မင်းဘူး)