ဖလမ်းမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်

ဖလမ်း ဇူလိုင် ၂၂
 
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ချက်များ လိုက်လံကြေညာ နှိုးဆော်ခြင်းကို ယမန်နေ့က ဌာနဆိုင်ရာများ ပူးပေါင်းကာ ဖလမ်းမြို့အတွင်း လိုက်လံအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
ထိုသို့ အသိပညာပေးမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖလမ်းမြို့အတွင်း အသိပညာပေး မော်တော်ယာဉ်ဖြင့်" မိဘပြည်သူများ လက်ရှိအခြေအနေမှာ မိမိတို့နေအိမ် တွင်သာ နေထိုင်ရေးနှင့် မဖြစ်မနေ ပြင်ပသို့ ထွက်ခွာရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)၊ Face Shield နှင့် လက်အိတ်များ ဝတ်ဆင်ပြီးမှသာ သွားလာရေး ပြုလုပ်ပေးပါရန်၊ Face Shield နှင့် လက်အိတ်ဝတ်ဆင်ရန် အခက်အခဲရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)အား မဖြစ်မနေ ဝတ်ဆင် ပေးပါရန်၊ အပြင်မှ ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီနှင့် ကိုယ်လက် သန့်စင်ခြင်း မပြုလုပ်မီ အိမ်သားများနှင့် မထိတွေ့ရန်၊ လက်ကို စက္ကန့်၂၀)ကြာ ဆပ်ပြာနှင့် ရေဖြင့်ဆေးကြောရန်၊ ရေမရှိသော နေရာတွင် လက်သန့်ဆေးရည် ဖြင့် လက်ကိုဆေးကြောရန်၊ မိမိတို့ နေအိမ်များကို ပြတင်းတံခါးများဖွင့် ပြီး လေဝင်လေထွက်ကောင်းမွန်အောင် ပြုလုပ်ကြရန်၊ အကယ်၍ မိမိတို့၌ ရောဂါကူးစက်ခံနေရသည်ဟု သံသယရှိပါက ကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူ ကြရန်၊ ကိုဗစ်-၁၉ ရောဂါ အမြန်ဆုံး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများ ကို ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်" စသည့်အချက် များကို အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
 
ဖလမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ(၄၆၉)ဦး၊ ရောဂါ ပျောက်ကင်းသက်သာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရသူ(၃၅၄)ဦးနှင့် သေဆုံးသူ (၃၄)ဦးရှိကြောင်း သိရသည်။