ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး Oxygen Plant ၊ Oxygen Plant ထားရှိမည့် အဆောက်အဦနှင့် Oxygen ဘူး ရရှိနိုင်ရေး ဆွေးနွေးဆုံးဖြတ်

 
ဟားခါး ဇူလိုင် ၂၂
 
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကောင်စီဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးနှင့် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ အောင်မြင့်ဦးနှင့် ဟားခါးပြည်သူ့ဆေးရုံအုပ် ဒေါက်တာရန်နိုင် တို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချင်းပြည်နယ် အတွက် ပေးပို့လာသော PPE ဝတ်စုံ၊ နှာခေါင်းစည်း (Mask)၊ Hand Gel စသည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ရောက်ရှိမှုနှင့် ဖြန့်ဝေဆောင်ရွက်ရမည့်အခြေအနေ၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်တားဆီး ရေးနှင့် ကုသရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ လက်ရှိအချိန်ထိ ချင်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ စစ်ဆေးတွေ့ရှိမှု၊ ကုသမှုနှင့် သေဆုံးမှုအခြေအနေ တို့ကိုလည်းကောင်း၊ တက်ရောက် လာကြသော ဌာနဆိုင်ရာများမှ ဌာနဆိုင်ရာအလိုက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်နှင့် တုံ့ပြန်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြ ကြရာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပြီး ဟားခါး မြို့နှင့် မင်းတပ်မြို့ တို့တွင် Oxygen Plant (၁) ခုစီ၊ Oxygen Plant ထားရှိမည့် အဆောက်အဦ (၁)လုံးစီနှင့် Oxygen ဘူး (40 L) (၃၀၀)ဘူး တို့အတွက် ရန်ပုံငွေ ရရှိနိုင်ရေးတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
 
ချင်းပြည်နယ်အတွင်း မေလ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂၀ ရက်နေ့အထိ ပိုးတွေ့ လူနာ (၂၆၂၂) ဦး၊ သေဆုံးသူ (၉၇) ဦး ၊ ဆေးရုံဆင်းခွင့်ရသူ (၂၀၅၂) ဦးနှင့် ဆေးကုသမှုခံယူဆဲ (၄၇၃) ဦးဖြစ်ကြောင်း သိရသည်။