တောင်ငူခရိုင်အတွင်း မြို့နယ်များတွင် အောက်ဆီဂျင်ထုတ် စက်ရုံများ တည်ဆောက်မည်

တောင်ငူ ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များ အောက်ဆီဂျင်ရရှိနိုင်ရေးအတွက် ခရိုင်အတွင်း မြို့နယ်(၅) မြို့နယ်တွင် အောက်ဆီဂျင်ထုတ် စက်ရုံများတည်ဆောက်မည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်း က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထက် ထံမှ သိရသည်။

တောင်ငူမြို့နယ်အတွင်း တစ်နေ့လျှင် အောက်ဆီဂျင်လီတာ ၄၀ ဆံ့ အိုးအလုံး(၂၅၀) ဖြည့်တင်းထုတ်လုပ်နိုင်သော အဆိုပါ စက်ရုံ (၁) ရုံ အား ပဲခူးတိုင်းဒေသကြီး အစီအစဉ်ဖြင့် အမှတ်(၂၀) ရပ်ကွက် မိုင်ဒါကွင်းတွင်လည်းကောင်း၊ စီဘီဘဏ် ဥက္ကဋ္ဌကြီး ဦးခင်မောင်အေးမှ လှူဒါန်းသည့်  တစ်နေ့လျှင် အောက်ဆီဂျင်လီတာ ၄၀ ဆံ့ အိုးအလုံး(၂၅၀) ဖြည့်တင်းထုတ်လုပ်နိုင်သည့် စက်ရုံ (၁) ရုံအား တောင်ငူမြို့ ကေတုမတီ စက်မှုဇုန်တွင် လည်းကောင်း စုစုပေါင်း စက်ရုံ (၂) ရုံ အား ထားရှိတည်ဆောက်မည် ဖြစ်သည်။

ဆက်လက်၍ ရေတာရှည်မြို့နယ်အတွင်း အလှူရှင်ဦးမျိုးဝင်း (သုခရွှေပြည့်စုံကုမ္ပဏီ) နှင့်မြို့မိ မြို့ဖ အလှူရှင်များမှ တစ်နေ့လျှင် အောက်ဆီဂျင်လီတာ ၄၀ ဆံ့ အိုးအလုံး(၆၀) ဖြည့်တင်း ထုတ်လုပ်နိုင်သည့် စက်ရုံ (၁) ရုံအား ကြံသနွယ်ကျေးရွာအုပ်စု တောင်နန်ချွန်ကျေးရွာ၌ လည်းကောင်း၊ အုတ်တွင်းမြို့နယ်အတွင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဆရာတော် နှင့်မြို့ခံစေတနာရှင်အလှူရှင်များက တစ်နေ့လျှင် အောက်ဆီဂျင်လီတာ ၄၀ ဆံ့ အိုးအလုံး(၆၀) ဖြည့်တင်းထုတ်လုပ်နိုင်သည့် စက်ရုံ (၁) ရုံအား စျေးရပ်ကွက်အတွင်း၌ လည်းကောင်း၊ ဖြူးမြို့နယ်တွင် ဦးဇော်လှမြင့် (ပိုင်အိုးနီးယားစားသောက်ဆိုင်)၊ ဦးဖိုးတီ (အာရှရေသန့်စက်)၊ ဦးသူရ (သူရနှင့်ညီအကိုများ စက်သုံးဆီအရောင်းဆိုင်) တို့မှ ဦးဆောင်၍ မြို့မိမြို့ဖ အလှူရှင်များနှင့်အတူ တစ်နေ့လျှင် အောက်ဆီဂျင်လီတာ ၄၀ ဆံ့ အိုးအလုံး (၂၀၀) ဖြည့်တင်းထုတ်လုပ်နိုင်သည့် စက်ရုံ (၁) ရုံအား ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း၊ ကျောက်ကြီးမြို့နယ်တွင် မြို့မိ မြို့ဖအလှူရှင်များမှ စုပေါင်း၍ တစ်နေ့လျှင် အောက်ဆီဂျင်လီတာ ၄၀ ဆံ့ အိုးအလုံး(၆၀) ဖြည့်တင်းထုတ်လုပ်နိုင်သည့် စက်ရုံ (၁) ရုံအား သိန်တန်းရပ်ကွက် ကြက်ခြေနီ ရုံးဝန်း၌ လည်းကောင်း အသီးသီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ငူခရိုင်အတွင်း မြို့နယ်များတွင် တည်ဆောက်မည့် အောက်ဆီဂျင်ထုတ်စက်ရုံများကို သြဂုတ်လအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကာ လာမည့် သြဂုတ်လကုန်၌ အဆိုပါစက်ရုံများ စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ခရိုင်  (ပြန် /ဆက်)