မြဝတီမြို့တွင် အပြင်သွားလာသူများအား အပြင်သွားလာခွင့်ကတ်ပြား ပါ/မပါစစ်ဆေးဆောင်ရွက်

မြဝတီ ဇူလိုင် ၂၁

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ များပြားလာသည့်အတွက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့တွင် အမိန့်အမှတ် ၂၈၇/၂၀၂၁ ဖြင့် နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင် ကြောင်း သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကြေညာခဲ့သည့်အတွက် မြဝတီခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည့် စည်းကမ်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ပိုမိုကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဈေးဝယ်ယူခြင်းနှင့် ကျန်းမာရေးကိစ္စများအတွက် နေအိမ်ပြင်ပထွက်ခွါပါက သက်ဆိုင်ရာ ကျေးရွာနှင့် ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးမှသွား လာခွင့်ကတ်ကို ထုတ်ယူ၍ သွားလာရမည်ဖြစ်သည်။

 

ထို့ကြောင့် စည်းကမ်းသတ်မှတ်ချက်များအား မြို့နေပြည်သူများ လိုက်နာစေရေးအတွက် မြဝတီခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများပူးပေါင်းပါဝင်သော ပူးပေါင်းအဖွဲ့မှ မြဝတီမြို့နယ် အတွင်းရှိ ရပ်ကွက်အဝင်အထွက် နေရာများနှင့်လမ်းဆုံ နေရာများတွင် အပြင်သွားလာသူများအား အပြင်သွားလာခွင့် ကတ်ပြားပါမပါနေ့စဉ် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

 

မြဝတီမြို့တွင်  ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အသစ် ကျား ၁၂ ဦး၊ မ ၁၂ ဦး၊ စုစုပေါင်း ၂၄ ဦး တွေ့ရှိကာ သေဆုံးသူ ၅ ဦးရှိပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ကျား ၂၂၈ ဦး၊ မ ၁၉၁ ဦး၊ စုစုပေါင်း ၄၁၉ ဦးကို   လက်ရှိကန့်သတ်စောင့်ကြည့်ကုသလျက်ရှိကြောင်း ဇူလိုင် ၂၀ ရက်နေ့အထိ စာရင်းများအရ သိရ သည်။

 

မန်းသန်းရွှေမြင့်