မအူပင် ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း ဦးဆောင်မှုဖြင့် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မအူပင်မြို့ပေါ် ရှိရပ်ကွက်များသို့ ယနေ့နံနက် (၁၀) နာရီ က စတင်ကာ မွန်းလွဲပိုင်းအထိ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြကြောင်း သိရသည်။
အဆိုပါလှည့်လည်အသိပညာပေး နှိုးဆော်ကြေညာရာတွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ရန်နှင့် နေအိမ်မှ အပြင်ထွက်သည့်အခါ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်နှင့် ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေအကွာမှသာ နေထိုင်ပြောဆိုကြရန်၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် ဆေးကြောကြရန်၊ မိမိနေအိမ်တွင်ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်၊ မိမိတို့ကလည်းအခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်းရှောင်ကြရန်၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ရန်၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်မီ အိမ်သားများနှင့် မထိတွေ့ကြရန်၊ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူရန်၊ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မြို့ပေါ်လူစည်ကားရာ အခွန်လွတ်စျေး၊ ဘုရားလမ်းနှင့် တေဇလမ်းထောင့်၊ ဘုရားအနောက်ဘက်လမ်း၊ ဗိုလ်ချုပ်ကြေးရုပ်အနီး၊ ရေလဲလမ်းမကြီးတစ်လျောက်နှင့် ကမ်းနားလမ်းတလျောက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ကြေညာခဲ့ကြကြောင်းနှင့် ကျေးရွာများအထိ အသိပေးကြေညာလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။