မကွေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်

မကွေး    ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါအသိပညာပေး နှိုးဆော် ချက်များ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

မကွေးခရိုင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ကြီးကြပ်မှုဖြင့် မကွေးခရိုင်နှင့်မြို့နယ်များတွင် မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာနေရာများ၊ မီးပွိုင့်လမ်းဆုံများတွင် အသိပညာပေးခြင်းများကို မော်တော်ယာဉ်ဖြင့် “မိဘပြည်သူများ  လက်ရှိအခြေအနေမှာ အရေးအကြီးဆုံးက အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ပေအကွာမှ ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းများ ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်၂၀ ကြာအောင်ဆေးကြောရန်၊ လက်ကို ဆေးကြောခြင်းမပြုပဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ကိုယ်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ မိမိတို့နေအိမ်များကို တံခါးများဖွင့်ပြီး‌ လေဝင်လေထွက်ရှိအောင် လုပ်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း အဝတ်အစား မလဲမီ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်ရသေးမီ အိမ်သားများနှင့် မထိတွေ့ကြရန်၊  အကယ်၍ မိမိတို့၌ ရောဂါကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်ကပ်ရောဂါ အမြန်ဆုံးထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအနေဖြင့် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်” စသည့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ချက်များကို လိုက်လံကြေညာခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဇူလိုင်လ ၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၇၂၅)ဦး စံချိန်တင် တွေ့ရှိခဲ့ပြီး ယနေ့အထိ အတည်ပြုလူနာစုစုပေါင်း (၆၃၆၂) ဦး၊ သေဆုံးသူ (၁၀၄) ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ကိုအောင်