ဝန်းသိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုပွဲကျင်းပ

ဝန်းသို ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ပေးနေသည့် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန် က ဒေါင်းမြူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း က ယခုကာလအခက်အခဲတွေကြားက ရှိတဲ့ဝန်ထမ်းအင်အားနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ဝန်ထမ်းတစ်ဦးတစ်ယောက်အတွက်မဟုတ်ဘဲ ဝန်းသိုမြို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေကြတဲ့ မြို့နယ်ကျန်းမာရေးဝန်ထမ်းများကို အသိအမှတ်ပြုပြီးတော့ လေးစားဂုဏ်ယူတဲ့အတွက် အခုလိုအခမ်းအနားကို စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်ဟု ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်လွင် က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်နေကြသည့် မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများအား ကြက်ဥနှင့် ခေါက်ဆွဲခြောက်ဖာတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသီးသီးဂုဏ်ပြုပေးအပ်ခဲ့ကြသည်။

ဝန်းသိုမြို့နယ်တွင် လက်ရှိအချိန်ထိ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၀၆ ဦးရှိပြီဖြစ်ပြီး တစ်ဦးသေဆုံးမှုရှိကြောင်း သိရသည်။

ကျော်မြိုင်