ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

 

ထီးချိုင့် ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု ထိန်း ချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အပြင်ထွက်တိုင်း Mask မဖြစ်မနေတပ်ဆင်ကြပါရန်၊ လက်ကိုမကြာခဏဆေးကြောပေးရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတွင် နေထိုင်ကြရန်၊ လူစုလူဝေးရှိသောနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ ဖြစ်နိုင်ပါက နေအိမ်အပြင်သို့ထွက်ခွာခြင်းမပြုရန်၊ အပြင်မှပြန်လာတိုင်း Mask များကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်၊ မိမိတို့၌ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး မိဘပြည်သူများအားလုံးက လိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် လတ်တလောဖြစ်ပွား နေသည့် ကိုဗစ်-၁၉ ရောဂါကို သိရှိလိုက်နာ ပူးပေါင်းဆောင်ရွက်ပေးကြရန် မြို့ပေါ်ရပ်ကွက်များ၌ လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း