ယင်းမာပင် ဇူလိုင် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက် ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါ ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေရန်၊ လူစုလူဝေး ပြုလုပ်ခြင်း သွားလာခြင်းကို ရှောင်ကြဉ်ရန် ၊ တစ်ခုခုကို ကိုင်တွွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးရန်၊ လက်ကို ဆေးကြောခြင်း မပြုဘဲ ပါးစပ်၊နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းမပြုလုပ် ကြပါရန်၊ အပြင်ထွက်ရာမှပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီး တိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံ နေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှုခံယူကြရန်၊ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် မြို့ပေါ်ရပ်ကွက်များ၌ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့နောက် ယင်းမာပင်မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်သွားသည်အထိ စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး နှိုးဆော်ခြင်း များကို အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ယင်းမာပင်)