ပေါက်ခေါင်း ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်တွင် ဇူလိုင်လ ၂ရက် နေ့မှစ၍ ကိုဗစ်- ၁၉ အတည်ပြု လူနာ (၁)ဦး စတင်တွေ့ရှိခဲ့ရာ ဇူလိုင်လ ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြု လူနာ (၃၄၅) ဦးအထိ မြင့်တက်လာကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိခဲ့သူနှင့် ထိစပ်သူများကို ကျန်းမာရေးဦးစီးဌာနမှ RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခြင်း၊ နှာခေါင်းတို့ပက်၊ အာခေါင်တို့ပက်တို့ ရယူခဲ့ရာ အမျိုးသား ဓာတ်ခွဲဌာန၊ ရန်ကုန်သို့ ပေးပို့စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ရောဂါပိုးတွေ့ရှိသူများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် (၅၂) ဦး၊ ဓမ္မသော်တိုက်နယ်ဆေးရုံတွင် (၁၁) ဦး၊ တောင်လည် တိုက်နယ်ဆေးရုံတွင် (၁၄) ဦး၊ မြို့နယ်အားကစားခန်းမ ယာယီကုသရေးစင်တာတွင် (၄၁)ဦး၊ အထကအိုးဘိုကုန်း ယာယီကုသရေးစင်တာတွင် (၁၁၄)ဦး၊ စုစုပေါင်း ဆေးရုံတက်ရောက် ကုသဆဲလူနာ (၂၃၂)ဦးတို့ကို စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ (၁)ဦးရှိကြောင်းနှင့် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ထိဆေးရုံမှဆင်းခွင့်ရသူ (၁၁၂)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ် -၁၉အတည်ပြုလူနာများအား မြို့နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ဆက်စပ်သူများအား Quarantine Centre များတွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း၊ ဒေသခံပြည်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများလိုက်နာဆောင်ရွက်ရမည့်အချက်များကို မီးသတ်ဦးစီဌာနမှနှင့် ပြန်ဆက်ဦးစီးဌာနတို့မှ နေ့စဉ် လိုက်လံလှည့်လည်အသိပေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)