အိမ်မဲမြို့နယ်တွင် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေး လိုက်လံနှိုးဆော်

အိမ်မဲ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော် မတီနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များကို အသံချဲ့စက်ဖြင့် လိုက်လံဆောင်ရွက်နေ ကြောင်း သိရသည်။

 

အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နိုးဆော်ချက်များကို နေ့စဉ် မြို့ပေါ်ရပ်ကွက်များ၊ မြို့မစျေး၊ လူစည်ကားရာနေရာများ၊ မြို့အဝင်စစ်ဆေးရေးဂိတ်တို့တွင် အသံချဲ့စက်ဖြင့်“မိဘပြည်သူများ  လက်ရှိအခြေအနေမှာ အရေးအကြီးဆုံးက အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့်အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ပေအကွာမှ ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းများ ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်၂၀ ကြာအောင်ဆေးကြောရန်၊ လက်ကို ဆေးကြောခြင်းမပြုပဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ကိုယ်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး‌ လေဝင်လေထွက် ရှိအောင် လုပ်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း အဝတ်အစား မလဲမီ ကိုယ်လက်သန့်စင်ခြင်းမပြု လုပ်ရသေးမီ အိမ်သားများနှင့် မထိတွေ့ကြရန်၊  အကယ်၍ မိမိတို့၌ ရောဂါကူးစက်ခံနေရ သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှု ခံယူကြရန်၊ ကိုဗစ်ကပ်ရောဂါ အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်” စသည့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ချက်များကို လိုက်လံကြေညာခဲ့ကြောင်း သိရသည်။

 

အလားတူ အိမ်မဲမြို့နယ် ကျေးရွာအုပ်စု (၉၇)အုပ်စုတို့တွင်လည်း အသိပညာပေးနှိုး ဆော်ချက် များကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လိုက်လံ၍ လက်ကိုင်စပီကာများ၊ အသံချဲ့စက်များဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

 

အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာဇွန်လ (၂၅)ရက်နေ့မှ ဇူလိုင်လ(၂၀)ရက်နေ့ညအထိ စုစုပေါင်း(၂၂၃)ဦး၊ ဆေးရုံဆင်းလူနာ(၉၇)ဦး၊ လက်ရှိကုသမှုခံယူနေသူ (၁၂၂)ဦး၊ သေဆုံးလူနာ (၁၀)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

 ချစ်သက်လယ်