မြဝတီ ဇူလိုင် ၂၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့အတွင်းရှိ ရပ်ကွက်များ၊လမ်းဆုံလမ်းခွများနှင့် လူစည်းကားရာနေရာများတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားလာသောကြောင့် မြဝတီမြို့ရှိ မိဘပြည်သူများအနေဖြင့် လက်ရှိ အခြေအနေ တွင် အတတ်နိုင်ဆုံး မဖြစ်မနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင်ပြင်ပမှ လာသောဧည့်သည်များအား လက်မခံပါရန်၊အရေးကြီးကိစ္စကြောင့် အပြင်သွားရပါက ပါးစပ်နှာခေါင်းစည်းတို့ကို စနစ်တကျတပ်ဆင်ရန်၊ Mask မတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်ကွယ်ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်အနည်းဆုံးစက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေး အသိပညာပေး နှိုးဆော်ချက်များကို မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင် ရာတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
ထို့အပြင် မြဝတီမြို့နယ်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့တွင် အမိန့်အမှတ် ၂၈၇/၂၀၂၁ ဖြင့် နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့သည့်အတွက် မြဝတီမြို့မှ ပြည်သူများအနေဖြင့်လည်း ဈေးဝယ်ခြင်းနှင့် ကျန်းမာရေးကိစ္စမှအပ အပြင်ထွက်ခွါခြင်းကို တားမြစ်ထားပြီး ဈေးဝယ်ခွင့်ကို လည်း ဈေးဝယ်ခွင့် ကတ်ပြားများဖြင့် နံနက် ၆ နာရီနံနက်မှ ၉ နာရီအထိသာ ခွင့်ပြုထားကြောင်း ခရိုင်ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးကော်မတီမှသိရသည်။
မန်းသန်းရွှေမြင့်