ဘားအံမြို့တွင် နေအိမ်အပြင်ထွက်လျှင် ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းရှိ/မရှိ ရှောင် တခင်စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ဘားအံ  ဇူလိုင်   ၂၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁) အဆင့်မြင့် စံပြဈေး၊ ဖိုးလမင်းကုန်တိုက်ရှေ့၊ အ-ထ-က (၄) ကျောင်းရှေ့၊ မြို့နယ်စုပေါင်းရုံးရှေ့၊ သံလွင် တံတား အနီး၊ မဲဘောင်ဈေးစသည့် နေရာများတွင် ခရီးသွားပြည်သူများနှင့် နေအိမ်ပြင်ပထွက်ခွာ သွားလာ သူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ အသိပညာ ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကရင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ လမ်းညွှန်မှု၊ ဘားအံခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ စီစဉ်မှုဖြင့် အများပြည်သူ ရုံးပိတ်ရက်များတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၊ ပူးပေါင်းအဖွဲ့ များက ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်းမရှိသည့် ခရီးသွားပြည်သူများအား ပထမ အကြိမ် ၅၀၀/-ကျပ် ဒဏ်ငွေဆောင်စေ၍ (Mask) (၂) ခု အခမဲ့ဖြန့်ဝေ၍ တပ်ဆင်စေခြင်း၊ ဒုတိယအကြိမ်ထပ်မံတွေ့ရှိပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဘားအံမြို့နယ်တွင် (၁၉-၇-၂၀၂၁) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ (၃၅၀) ဦးရှိပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရှိရသည်။