ကရင်ပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ(၆/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဘားအံ ဇူလိုင် ၂၀

ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၆/၂၀၂၁)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ(၂)၌  Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက နေပြည်တော်တွင်ပြုလုပ်သည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး လက်ကျန်ကာကွယ်ဆေး များကို ပြီးစီးအောင် ထိုးနှံပေးကြဖို့လိုပြီး ကာကွယ်ဆေးများထပ်မံ ရောက်ရှိလာမည်ဖြစ်သဖြင့် ဆက်လက်ထိုးနှံပေးနိုင်ရန် မျှော်မှန်းဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိနှုန်းသည် လျော့ကျသွားခြင်းမရှိဘဲ ထပ်မံတိုး လာသည့်အနေအထားတွင်ရှိသည့်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက် ထပ်မံဆောင်ရွက်ဖို့ လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်သူများပူးပေါင်း ပါဝင်မှသာလျှင် ရောဂါကူးစက်မှု နှုန်းကျဆင်းမည်ဖြစ်ကြောင်း၊ ကုသရေး ဝန်ထမ်းများ၊ Volenteer များနှင့် ပူးပေါင်းဆောင်ရွက် ကြဖို့လိုကြောင်း၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် တွေ့ဆုံ ဆွေးနွေး၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များတွင် ကိုဗစ်စင်တာများ ထပ်မံတိုးချဲ့ပြင်ဆင် ဆောင်ရွက်ကြစေလိုကြောင်း၊ ကျန်းမာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးတိုင်ပင်၍ အကူအညီ ရယူသွားရမည်ဖြစ်ကြောင်း၊ ရုံးပိတ်ရက်ရှည်တွင် ထိထိရောက်ရောက်ဖြင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြဖို့လိုကြောင်း၊ ထုတ်ပြန်ထားသည့် ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်များ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှုရှိ/မရှိ ထိထိရောက်ရောက် ဆောင်ရွက်ပေးကြဖို့လိုကြောင်း၊ ကိုဗစ်နှင့်ပတ်သက်သည့် စပ်ဆက်ပစ္စည်းများတင်သွင်းရာတွင် အခက်အခဲ ရှိပါက ချက်ချင်းတင်ပြပေးရန်၊ သတင်းနှင့်ပြန်ကြားရေးအပိုင်းကို ထိထိမိမိ ဆောင်ရွက်ကြဖို့လိုပြီး သတင်းအမှားများကို ချက်ချင်းပြန်လည်တုံ့ပြန်နိုင်ဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေမှူး၊ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ လူမှုကူညီရေးအသင်းအဖွဲ့ များက  အသိပညာပေးခြင်းနှင့် စိစစ်အရေးယူခြင်း ဆိုင်ရာကိစ္စရပ်များ၊ Stay at Home ဆောင်ရွက်မှုအခြေအနေနှင့် စိစစ် ကြပ်မတ်မှုအခြေအနေများ၊ Oxygen လိုအပ်မှုအခြေအနေနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများ၊ Online မှ တဆင့် စေတနာ့ဝန်ထမ်းသင်တန်းများ ဖွင့်လှစ်ပေးမည့်အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)