သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး နှင့် မော်လမြိုင်မြို့သို့ ပို့ဆောင်မည့် အောက်ဆီဂျင်အရည်များ သယ်ဆောင် လာသည့် မော်တော်ယာဉ် ၂ စီး မြဝတီနယ်စပ်မှထွက်ခွာ

မြဝတီ ဇူလိုင် ၂၀

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် အောက်ဆီဂျင် အပါအဝင် ကိုဗစ်အထောက်ကူပြုဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို  မြဝတီနယ်စပ်မှ တစ်ဆင့် တင်သွင်းခွင့်ပြုပေးလျက်ရှိရာ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်မည့် အောက်ဆီဂျင် အရည် တန် ၂၀ သယ်ဆောင်လာသော မော်တော်ယာဉ်သည် ယနေ့ မွန်းလွဲ ၁ နာရီက မြဝတီ ကုန်သွယ်ရေးဇုန်မှ ထွက်ခွာသွားကြောင်း သိရသည်။

ထို့နောက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ငွေမိုးဆေးရုံသို့ ပို့ဆောင်ပေးမည့် အောက်ဆီဂျင်အရည် ၄ ဒဿမ ၅ တန် သယ်ဆောင်လာသည့် မော်တော်ယာဉ်သည်လည်း မွန်းလွဲ ၁ နာရီခွဲက မြဝတီကုန်သွယ်ရေးဇုန်မှ ဆက်လက်ထွက်ခွာသွား ကြောင်း သိရသည်။

ထိုသို့ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးတွင် အဓိက လိုအပ်လျှက်ရှိသည့် အောက်ဆီဂျင်အရည် တင်သွင်းလာမှုများအား ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်မှ ပြည်သူများလက်ဝယ် အမြန် ရောက်ရှိစေရေးအတွက် အချိန်ကြန့်ကြာမှုမရှိ လွယ်ကူလျှင်မြန်စေရေး ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် လတ်တလော ကိုဗစ်-၁၉ ကုသရေးတွင် လိုအပ်လျက်ရှိသည့် Oxygen Concentrator များတင်သွင်းမှုအတွက် FDA ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်သည့်အပြင် အကောက်ခွန် သုံးရာခိုင်နှုန်းအတွက်လည်း လက်ငင်းပေးဆောင်ရန်မလိုဘဲ ကြိုတင် ထုတ်ယူနိုင်ရန် ဖြေလျော့ခွင့်ပြုပေးထားကြောင်းလည်း မြဝတီ ကုန်သွယ်ရေး ဇုန်မှ သိရသည်။

နယ်စပ်စခန်းများမှတစ်ဆင့် ပြည်တွင်းသို့ ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ အောက်ဆီဂျင်အရည် (Bowser)ယာဉ်ဖြင့် (၂၈၅ ဒဿမ ၅၉၄)တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်)(၈၃ ဒဿမ ၁၆၉)တန်၊ အောက်ဆီဂျင်ဓါတ် ငွေ့(အိုးဖြင့်)(၆၁ ဒဿမ ၈၄၈)တန်၊ အိမ်သုံးအောက်ဆီဂျင်စက်(၁၁၅၅၈)ခု၊ Testkit (၁၁၄၅၀၀)ခု၊ Mask (၃၆၅၂၂၁)ကီလို တင်သွင်းနိုင်ခဲ့ကြောင်းလည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ထိန်လင်းအောင်