ဆင်မြီးဆွဲမြို့၌ ယာယီကုသရေးစင်တာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သဲကုန်း  ဇူလိုင်  ၂၀

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ဆင်မြီးဆွဲမြို့ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့က ယာယီကုသရေးစင်တာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဆင်မြီးဆွဲမြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးကျော်က အမှာစကားပြောကြား ရာတွင် "ယခုအခါသဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ မှုပိုမိုများပြားလာသည့် အတွက် Quarantine Centre များနှင့် ယာယီကုသရေးစင်တာများ သက်ဆိုင်ရာ နယ်မြေအလိုက် တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးများအ​​နေဖြင့် လုပ်ငန်းများအောင်မြင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း" စသည်ဖြင့်ပြောကြားသွားပါသည်။

ဆက်လက်ပြီး ဆင်မြီးဆွဲတိုက်နယ်ဆရာဝန်ဒေါက်တာသူရလွင်မှ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက် ၍ကျန်းမာ​ရေးနှင့် အားကစားဝန်​ကြီးဌာနမှချမှတ်ထား​သော စည်းမျဥ်စည်းကမ်းများနှင့် ကာကွယ်ကုသရေး လုပ်ငန်းစဉ်များအား၄င်း၊ မြို့မရဲစခန်းမှူးဦးရဲမြင့်ဝင်းမှ လုံခြုံရေး လုပ်ငန်းများနှင့် ပတ်သက်၍၄င်း၊ မြို့လျှပ်စစ်မှူးဦးကျော်ဌေးမှ ရန်ပုံငွေရှာဖွေ ရေးကိစ္စရပ်များနှင့် ပတ်သက်၍၄င်း အသီးသီးဆွေးနွေးခဲ့ကြ​ပြီးအစည်းအဝေးသို့ တက်ရောက် လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေရှင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ရန်ပုံငွေရှာဖွေရေးကော်မတီနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီများကို အသီးသီးဖွဲ့စည်းခဲ့ကြပြီး တက်ရောက်လာသောအုပ်ချုပ်ရေးမှူးများမှ အလှူငွေများ လှူဒါန်းခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးဦးဝေဖြိုးကျော်မှ လက်ခံရယူခဲ့သည်။

၄င်းနောက် အထက(ဆင်မြီးဆွဲ)ကျောင်းသို့သွား ရောက်၍ ယာယီကုသရေးစင်တာ ဆောင်ရွက်မည့်နေရာအား ကြည့်ရှုခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူးမှ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း