ဟိုင်းကြီးကျွန်း ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာ၌ လျှပ်စစ်မီးကြိုးနင်းမိရာက ဓာတ်လိုက် သေဆုံးခဲ့သည့် မမျိုးသူဇာဝင်း၏ မိသားစုဝင်များနှင့် မရမ်းကွင်းကျေးရွာအုပ်စု၊ ဆားဖိုစုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် နေအိမ်ပိုင်ရှင် တို့ကို ယမန်နေ့ နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေနှင့်ထောက်ပံ့ ပစ္စည်းများကို လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မဲခရဲကျေးရွာအုပ်စု၊ မဲခရဲကျေးရွာတွင် ယခုလ ၄ ရက်နေ့ ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအတွင်း သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးပေါ်သို့ သစ်ကိုင်းကျိုးကျကာ ပြတ်ကျနေသည့် ဓာတ်ကြိုးအားနင်းမိပြီး အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ခြင်း၊ မရမ်းကွင်းကျေးရွာအုပ်စု၊ ဆားဖိုစုကျေးရွာတွင် ယခုလ ၈ရက်နေ့ နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ပြိုကျခဲ့ခြင်း ဖြစ်ပေါ်ခဲ့ပါသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပစ္စည်းနှင့် ထောက်ပံ့ငွေများ လာရောက်ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ထောက်ပံ့ငွေနှင့် ပစ္စည်းများကို တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဦးသန်းစိုး ဦးဆောင်သောအဖွဲ့က ဓာတ်လိုက်သေဆုံးခဲ့သူအတွက် ထောက်ပံ့ငွေကျပ် သုံးသိန်း(၃၀၀၀၀၀)နှင့် ဒဏ်ရာရရှိသူမိခင် အတွက် ထောက်ပံ့ငွေကျပ် ငါးသောင်း (၅၀၀၀၀)ကိုပေးအပ်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျမှုဖြစ်ခဲ့သော မိသားစုအတွက် ထောက်ပံ့ငွေကျပ် တစ်သိန်း တစ်သောင်း နှစ်ထောင့်ခြောက်ရာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)