ဟုမ္မလင်း ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံမှ CDM ပြုလုပ်သွားသော ဆရာဝန်များ၏ ရုံးခန်းများနှင့် စတိုခန်းများကို ဇူလိုင်(၁၇)ရက်နေ့ ၊ မွန်းတည့်(၁၂း၁၅)နာရီအချိန်က ဟုမ္မလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ စီမံကိန်းဦးစီးမှူး ဦးတင်မောင်ဝင်း၊ မြို့နယ် လဝက ဦးစီးမှူး ဦးမင်းညွန့်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး၊ ဟုမ္မလင်း ခုတင်(၁၀၀) ဆံ့ပြည်သူ့ဆေးရုံမှရုံးအုပ် ဦးကံစိန်နှင့်တာဝန်ရှိသူများနှင့်ရပ်မိရပ်ဖများက သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါသွားရောက်စစ်ဆေးရာတွင် ဟုမ္မလင်းခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံမှ သားဖွားခန်း၊ ခွဲစိတ်လူနာဆောင်၊ ဖျားနာလူနာဆောင်နှင့် မျက်စိ၊ အရိုးအကြော ကုသဆောင်ရုံးခန်းများနှင့်စတိုခန်းများအတွင်း သိုဝှက်ထားသည့် အောက်ဆီဂျင်အိုး ၄၀ လီတာဆံ့(၂၈)လုံး၊ ၂၀လီတာဆံ့(၁)လုံး၊ ၁၅လီတာဆံ့ (၆)လုံး၊ စုစုပေါင်းအောက်ဆီဂျင်အိုး(၃၅)လုံး၊ အောက်ဆီဂျင် အစားထိုးစက်(Oxygen concentrator) (၁၃)လုံး တို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ဟုမ္မလင်းမြို့၊ ပြည်သူ့ဆေးရုံမှ CDM ပြုလုပ်သွားသော ဆရာဝန်များ၏ ရုံးခန်းများနှင့် စတိုခန်းများအတွင်းမှ ရှာဖွေတွေ့ရှိခဲ့သော အောက်ဆီဂျင်အိုးများနှင့် အောက်ဆီဂျင်အစားထိုးစက်များကို လက်ရှိလူနာများအား ကောင်းမွန်စွာ အသုံးပြုကုသပေးနေပြီဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)