ပဲခူး ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယနေ့ နံနက် ၉ နာရီအချိန်က ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ လည်ပတ်နေသည် Oxygen Plant စက်အသစ်အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် Oxygen Plant စက်အသစ် လည်ပတ်နေမှုအခြေအနေ၊ နေ့စဉ်အောင်စီဂျင် ထုတ်လုပ်နေမှု အခြေအနေများနှင့် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ဆဲဖြစ်သည့် Liquid Oxygen Plant တည်ဆောက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီး ကောင်စီ တာဝန်ယူခဲ့သည့် အချိန်ကစပြီး တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား လူမျိုး/ဘာသာ မခွဲခြားဘဲ တာဝန်ယူ စောင့်ရှောက် ပေးလျက်ရှိကြောင်း၊ ယခု ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း စတင်ခံစားရသည့် အချိန်ကစပြီး ယနေ့အချိန်ထိ ပဲခူးတိုင်းဒေသကြီးအတွင်း အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ Oxygen အား ရရှိနိုင်သည့် နည်းလမ်း ပေါင်းစုံဖြင့် သယ်ယူခြင်း၊ ဝယ်ယူခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထပ်မံ၍လည်း Oxygen Plant စက်အသစ်များ မှာယူထားပြီးဖြစ်ကြောင်း၊ ပဲခူးမြို့ဆေးရုံကြီး၌ ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ဆောင်ရွက်ဆဲဖြစ်သော Liquid Oxygen Plant အား အမြန်ဆုံး ပြီးစီးရေးကိုလည်း ပြည်ထောင်စုနှင့် ချိတ်ဆက်၍ ဆောင်ရွက်လျက်ရှိပြီး ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် အမြန်ဆုံး အောက်စီဂျင် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်၍ အခက်အခဲ တစ်စုံတစ်ရာရှိပါက တင်ပြပေးရန်နှင့် လိုအပ်ချက်များကိုလည်း ချက်ခြင်းဖြေရှင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့တွင်း ပြည်သူများ Stay at Home စည်းကမ်းချက်များအား လိုက်နာမှုရှိစေရေး လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး၌ တပ်ဆင်ထားသည့် Atlas Copco Oxygen Plant စက်အသစ်သည် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အစီအစဉ်ဖြင့် ဇူလိုင်လ(၁၅) ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ဇူလိုင်လ(၁၆)ရက်နေ ညပိုင်းမှစ၍ အောက်စီဂျင် (၄၀) လီတာအိုး(၆၀)ခန့် နေ့စဉ်ထုတ်လုပ် ပေးလျက်ရှိကြောင်း သိရသည်။
မျိုးငြိမ်း(ခရိုင်/ပြန်ဆက်)