စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် မုံရွာမြို့ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတက်

မုံရွာ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ(၁၈)ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် မုံရွာမြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး အတွင်းရှိ သလ္လာရတနာခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်းစိုးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်တို့က အမှာစကား ပြောကြားကာ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများထံ အဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကြပြီး မုံရွာမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်လင်းအေး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ကိုဗစ်-၁၉ရောဂါ ပိုးရှိသူများနှင့် ထိစပ်သူများထားရှိမည့် Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိသူများသည် မုံရွာစီးပွားရေး တက္ကသိုလ် Quarantine Center တွင် ကျင်းပပြုလုပ်သော ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ အဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနုတ်ဆက်အားပေးခဲ့ပြီး မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ မိဘဂုဏ် Oxygen စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ မုံရွာမြို့တွင် အောက်စီဂျင် လိုအပ်ချက်အနေဖြင့် နေ့စဉ်တစ်ရက်လျှင် ၄၀ လီတာအိုး (၃၀၀)အထက် လိုအပ်လျှက်ရှိရာ ယခင် အောက်စီဂျင်စက်အနေဖြင့် တစ်ရက်လျှင် ၄၀ လီတာအိုး (၂၄၀)အိုးသာရရှိပါကြောင်း၊ ယခုတပ်ဆင်နေသော အောက်စီဂျင်စက်အသစ် ထပ်မံလည်ပတ်ပါက တစ်ရက်လျှင် ၄၀ လီတာအိုး (၂၆၀)ကျော်ဖြင့် စုစုပေါင်း တစ်ရက်လျှင် ၄၀ လီတာအိုး (၅၀၀)ကျော်ရရှိမည် ဖြစ်သဖြင့် မုံရွာမြို့တွင် လိုအပ်နေသည့် အောက်စီဂျင်ပြည့်မီပြီး ပိုလျှံပါက အနီးရှိမြို့များသို့လည်း ကူညီနိုင်မည်ကြောင်းနှင့် အောက်စီဂျင်ဖြည့်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြသရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမောင်မောင်လင်း က ရှင်းလင်းချက်များ အပေါ် စွမ်းအားပြည့်လည်ပတ်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်တို့က အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်တင်းစိုးက တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကာကွယ်ထိန်းချုပ် ကုသခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရာက် လာသူများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက် မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်တို့က ကိုဗစ်-၁၉ရောဂ ကာကွယ်ထိန်းချုပ် ကုသခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)