မအူပင် ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ပေါ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် အချိန်ကာလအတွင်း ကြက်ဥများ စျေးနှုန်းချိုသာစွာ ဝယ်ယူ စားသောက်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက ညောင်တုန်း မြို့မစျေးရှေ့တွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့က ဦးဆောင်၍ ကြက်ခြံလုပ်ငန်းရှင်များနှင့် ပူးပေါင်းညှိနှိုင်းကာ ကြက်ဥ တစ်လုံးလျှင် ၁၃၀ကျပ်နှုန်း လူတစ်ဦးလျှင် ၁၀ လုံးဖြင့် ကြက်ဥ အလုံးရေ ၂၄၀၀ ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးခြင်းအား ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်ထွေ/အုပ်၊ တိမွေး/ကု၊ ပြန်/ဆက်၊ မီးသတ်နှင့်စည်/ပင်တို့ ပူးပေါင်း၍ ရောင်းချပေးခဲ့ပြီး ယမန်နေ့က ဆားမလောက်ကျေးရွာ စျေးရှေ့တွင်လည်း အလားတူ ရောင်းချပေးခဲ့ကြောင်း သိရသည်။