မင်းဘူး ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ကုလားပဲများ ပေါ်သည့်ရာသီချိန် မဟုတ်သည့်အပြင် ရောင်းချသူ မရှိဘဲ ဝယ်ယူသူများနေသဖြင့် ကုလားပဲဈေးများ တက်လာရတာဖြစ်ကြောင်း မင်းဘူးမြို့မှ ပဲအမျိုးမျိုး လက်လီလက်ကား ဝယ်ယူရောင်းချသူ ဦးအောင်ဆန်းထံမှ သိရသည်။
မင်းဘူးမြို့တွင် ကုလားပဲဈေးမှာ ယခင် မေ၊ ဇွန်လများက တစ်ပြည်လျှင်ကျပ် ၂၀၀၀ ဝန်းကျင်သာ ရှိသော်လည်း ယခုအချိန်တွင် တစ်ပြည်လျှင်ကျပ် ၂၉၀၀ ဈေးရှိကာ တစ်တင်းလျှင်ကျပ် ၄၀၀၀၀ ကျော် ဈေးအထိရှိပြီး ကုလားပဲဈေး တဟုန်ထိုး တက်လာကြောင်းလည်း သိရသည်။
"ဦးတို့မြို့မှာ ကုန်ပစ္စည်းမျိုးစုံ ဈေးနည်းနည်းစီ တက်ကြတာပါပဲ ဒါပေမဲ့ ကုလားပဲဈေးကတော့ နည်းနည်း မြောက်တာပေါ့။ ရာသီပေါ် သီးနှံများမှာ သီးနှံပေါ်သည့်အချိန်တွင် ဈေးများကျတတ်ပေမဲ့ ကုလားပဲ သီးနှံကြတော့ အခုအချိန်မှာ သီးနှံ မပေါ်သေးတာနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ဆိုတော့ ဈေးကထိုးတက် သွားတာပေါ့" ဟု ကုန်မျိုးစုံ လက်လီ လက်ကား ရောင်းချသူ ဦးအောင်ဆန်းက ပြောသည်။
ကုလားပဲသီးနှံသည် လူသုံးများသည့် သီးနှံတစ်မျိုးဖြစ်ပြီး မိုးဦးနှင့် မိုးလယ်ကာလများတွင် စိုက်ပျိုးခြင်း မရှိကြဘဲ မိုးနှောင်းနှင့် ဆောင်တွင်းကာလများတွင်သာ စိုက်ပျိုးသည့် သီးနှံမျိုးဖြစ်သည်။ မင်းဘူး(စကု) မြို့နယ်ထဲတွင် ကုလားပဲ သီးနှံကို စကုနယ်နှင့် ပွင့်ဖြူမြို့နယ်များတွင် အများဆုံး စိုက်ပျိုးကြပြီး ဧက ၂၀ မှ ၄၀/၅၀ အထိ စိုက်ပျိုးကြသည်။
မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် မိုးသီးနှံအဖြစ် စိုက်ပျိုးထားသော စပါးများ ရိတ်သိမ်းပြီးချိန် တန်ဆောင်မုန်း၊ နတ်တော် လများတွင် ထယ်ထိုးပြီး ကုလားပဲကို ကျဲပက်၍ စိုက်ပျိုးကြကာ ဧက ရာနှင့်ချီ၍ စိုက်ပျိုးကြပြီး ထိုကဲ့သို့ စိုက်ပျိုးရာတွင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
ဇေယျာထက် (မင်းဘူး)