ရွှေတောင် ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရွှေတောင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှုကို ထိန်းချုပ်နိုင်ရန်အတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာ လျက်ရှိပြီး နံနက်ပိုင်း ဈေးဝယ်ထွက်သည့် အချိန်မှလွဲ၍ အပြင်ထွက်သ မရှိသလောက် နည်းပါး လျက်ရှိသည်။
ရွှေတောင်မြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိမှုကို ထိန်းချုပ်နိုင်ရန်အတွက် အစိုးရရုံးပိတ်ရက် သတ်မှတ် ထားသည့် ဇူလိုင်လ ၁၇ ရက် မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာအလိုက် မိမိအိမ်တွင်သာ နေထိုင်သွားကြရန်၊ အရေးပေါ်ကိစ္စနှင့် ခွင့်ပြုထားသော ကိစ္စရပ်များမှတစ်ပါး မလိုအပ်ဘဲပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊ ပြင်ပထွက်ခွာက Mask၊ Face Shield နှစ်မျိုးလုံး တပ်ဆင်သွားလာရန်၊ တစ်မြို့နယ်မှ တစ်မြို့နယ်၊ တစ်ရပ်ကွက်မှ တစ်ရပ်ကွက်၊ တစ်ရွာမှတစ်ရွာသို့ အကြောင်းမဲ့ ကူးသန်း သွားလာခြင်း လုံးဝမပြုရန်၊ မြို့၊ ရွာ၊ ရပ်ကွက်အလိုက် ပြင်ပမှသူများ ဝင်ထွက်သွားလာခြင်း လုံးဝ လက်ခံခြင်းမပြုရန်၊ အခြေခံစားသောက်ကုန်ပစ္စည်း၊ ဆေးဆိုင်မှအပ ဖွင့်လှစ် ရောင်းချခြင်းမပြုရန် စသည့် စည်းကမ်းချက်များချမှတ်ထားရှိပြီး လိုက်နာ ဆောင်ရွက်ခြင်း မပြုပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူများမှလည်း ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ Stay Home နေထိုင်၍ လိုက်နာဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)