ပြည်မြို့နယ်တွင် အများပြည်သူရုံးပိတ်ရက်ရှည်ကာလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြင်ပထွက်ခွာသွားလာခွင့် အချိန်ကန့်သတ် ထားရှိမည်ဖြစ်

ပြည် ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် လတ်တလော ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း နေ့စဉ်မြင့်တက်လာသဖြင့် အများပြည်သူ ရုံးပိတ်ရက်ရှည် ကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသတွင်း ပြည်သူများအား ယနေ့မှစတင်၍ (Stay at home) နေအိမ်တွင် နေထိုင်ရေး အစီအစဉ်ကို လိုက်နာဆောင်ရွက်ရန်နှင့် မဖြစ်မနေကျန်းမာရေး ကိစ္စများမှအပ မည်သည့်ကတ်ဖြင့်မဆို ထွက်ခွာသွားလာခွင့်မပြုကြောင်းနှင့် သက်ဆိုင်ရာကတ်များဖြင့် ပြင်ပထွက်ခွာ သွားလာခွင့် အချိန်ကို ဇူလိုင် (၁၈.၇.၂၀၂၁)ရက်‌နေ့ မှစတင်၍ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ  နောက်တစ်နေ့ နံနက် ၄ နာရီအထိ ကန့်သတ်ထားရှိမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူများထံက သိရသည်။

ပြည်မြို့နယ်တွင် နေ့စဉ်ရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်တက်လာပြီး ဇူလိုင် ၁၇ ရက် ယမန်‌နေ့ကလည်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာသစ် (၆၂)ဦးထပ်မံတွေ့ရှိခဲ့ပြီး မြို့နယ်အတွင်း ယမန်နေ့ကအထိ ပိုးတွေ့အတည်ပြု လူနာစုစုပေါင်း(၇၄၂)ဦးအထိ ရှိလာကာ ယင်းတို့အနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ(၁၇၈)ဦးနှင့် သေဆုံးသူ(၂၃)ဦး ရှိကြောင်း၊ သို့ဖြစ်၍ ပြင်ပထွက်ခွာသွားလာခွင့် အချိန်ကန့်သတ်ထားရှိခြင်းကို ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေအပေါ်မူတည်၍ ပြောင်းလဲသတ်မှတ်‌ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယင်းသို့ဆောင်ရွက်စဉ်ကာလအတွင်း ပြင်ပထွက်ခွာလာခြင်းကို တာဝန်ရှိသူများက နေ့စဉ်စစ်ဆေး ဆောင်ရွက်မည်ဖြစ်ကာ မဖြစ်မနေ ကျန်းမာရေးကိစ္စ (ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်)များ ရောင်း/ဝယ်ခြင်း၊ သွားလာခြင်းတို့မှအပ ကျန်မည်သည့် ကတ်ဖြင့်မဆို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် လိုက်နာရန် ပျက်ကွက်ပါက  စီမံခန့်ခွဲမှု နည်းလမ်းအရ ပညာပေးဒဏ်ငွေရိုက်ခြင်းအပြင်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူများထံက သိရသည်။

ကိုဆက်