မအူပင် ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့နံနက် ၁၀ နာရီမှ စတင်၍ ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မအူပင်ခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ စိစစ်ခြင်းကို မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွင် ပြုလုပ်ခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် တင်သွင်းလွှာများ ဒုတိယနေ့အဖြစ် စစ်ဆေးခြင်းကို မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် (၁၀)ဦးနှင့် လွှတ်တော်ကိုယ်စား လှယ်လောင်းအမည် တင်သွင်းလွှာတင်သွင်းသူ (၁၄)ဦးတို့၏ ရှေ့မှောက်တွင် ကိုယ်စားလှယ် လောင်းတစ်ဦးချင်းအလိုက် အမည်စာရင်းတင်သွင်းလွှာတွင် ဖော်ပြထားသော အမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်တို့ မှန်ကန်ခြင်းရှိ/မရှိ၊ မူရင်းများတင်ပြနိုင်မှုနှင့် မြန်မာနိုင်ငံတွင် တစ်ဆက်တည်း ၁၀ နှစ် နေထိုင်ခြင်းရှိ/မရှိများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း စိစစ်ခဲ့သည်။
အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်းစိစစ်ခြင်းကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ စိစစ်သွားမည်ဖြစ်ပြီး မအူပင်ခရိုင်တွင် နိုင်ငံရေးပါတီ (၁၀)ပါတီ၊ တစ်သီးပုဂ္ဂလတစ်ဦးမှ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု (၈၁)ဦးရှိပြီး ဒုတိယနေ့အဖြစ် ပန်းတနော်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၈)ဦး၊ ဓနုဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၆)ဦး၊ လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၄)ဦးအား စစ်ဆေးခဲ့ကြောင်း မအူပင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)