ကော့ကရိတ် ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ရှိ ပြည်သူများအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ကူးစက်မှုကို ထိရောက်စွာကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခြင်းကို ယမန်နေ့ ညနေ ၃ နာရီခွဲက ကော့ကရိတ်မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပေးကြေညာချက်တွင် ကော့ကရိတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ဇူလိုင် ၁၇ ရက်နေ့မှ ဇူလိုင် ၂၅ ရက်နေ့အထိ ၉ ရက်တိတိအား အများပြည်သူ အလုပ်ပိတ်ရက်များအဖြစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြေငြာခဲ့ပြီဖြစ်ကြောင်း၊ ကော့ကရိတ်မြို့နယ်အတွင်း နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် အဆိုပါရုံးပိတ်ရက် ၉ ရက်အတွင်း မိမိတို့ နေအိမ်၌သာ Stay at Home နေ ထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ မဖြစ်မနေ သွားလာရမည်ဆိုပါက နေအိမ်ပြင်ပ ထွက်ခွာခွင့် လက်မှတ်ဖြင့် တစ်ဦးတည်းသာ ထွက်ခွာသွားလာကြရန်၊ ယနေ့မှစ၍ နေအိမ်ပြင်ပသွားလာ သူများအား ကိုဗစ်-၁၉ ရောဂါ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များဖြင့် လက်မှတ်မပါဘဲ သွားလာနေသည်ကို စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့သည်။
ကော့ကရိတ်မြို့နယ်အတွင်း ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း ရောဂါသည် ဇွန် ၁၈ ရက်နေ့မှစ၍ ပြန်လည်ဖြစ်ပွားခဲ့ရာ ယမန်နေ့အထိ တစ်လအတွင်း ပိုးတွေ့လူနာ (၃၂၆)ရှိပြီး သေဆုံးလူနာ (၆)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)