သာစည်မြို့နယ် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုများကွင်းဆင်း ကြည့်ရှုစစ်ဆေး

သာစည် ဇူလိုင် ၁၆
 
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုကိုယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ဇာနည်ချစ်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး ဥသျှစ်ကုန်း (မ)ကျေးရွာ ကွင်းအမှတ် ၁၇၈၈၊၁၇၈၉ သွားသော ကုန်ထုတ်လမ်း အရှည် ၂ မိုင် ၊ လမ်းအကျယ် ၁၂ ပေတွင်
(၀/၃.၈ မိုင် မြေသား ၂ ပေထုအပါ) မြေသားတင်ဂျင်း ၉ လက္မခင်းခြင်း၊ အဆိုပါ ကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ် တံတားတစ်စင်း ရေကျော်တစ်စင်း နှင့် Slab Culvert ၂ စင်းတည်ဆောက်ပြီးစီးမှုတို့အား မိတ္ထီလာ ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးဒေါ်မြင့်ဝင်း၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနဦးစီးမှူးဦးကျော်စိုးနှင့် ဝန်ထမ်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကိုလိုက်လံ ရှင်းလင်းပြသ ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေဖြင့် အုတ်ကုန်းကျေးရွာ၊ မဲတောကျေးရွာနှင့်အင်းကနက်ကျေးရွာတို့တွင်လည်း ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းများဆောင်ရွက် ပေး ခဲ့ကြောင်း သိရသည်။