ဘားအံမြို့နယ်၌ တတိယလှိုင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ဆေးပညာအထူးကုဆရာဝန်ကြီးနှင့် ဆေးရုံအုပ်ကြီးအား တွေ့ဆုံမေးမြန်း

ဘားအံ ဇူလိုင် ၁၆

ကရင်ပြည်နယ်၊ ဘားအံမြို့၌ လက်ရှိဖြစ်ပွားလျက်ရှိသော တတိယလှိုင်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနှင့် ပတ်သက်၍ ဘားအံမြို့၊ ဆေးပညာအထူးကုဆရာဝန်ကြီးနှင့် ဆေးရုံအုပ်ကြီးတို့အား တွေ့ဆုံမေးမြန်းမှုအခြေအနေများကို တင်ပြလိုက်ရပါသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဇူလိုင်လ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး က ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် ဖြစ်ပွားမှုသည် တစ်နေ့ထက်တစ်နေ့ များပြားလာသည့်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရေးသည် အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စတစ်ရပ်တစ်ခု ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ဖြစ်ပွားမှု မရှိစေရေးနှင့် ထိန်းချုပ်နိုင်ရေးသည် မိမိတို့၏ရည်မှန်းချက်ဖြစ်ပြီး ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဆောင်ရွက်ရမည့် အချိန်ကာလဖြစ်ကြောင်း၊ ပြည်နယ်၏ ဝင်/ထွက်ပေါက်များတွင် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသော်လည်း ရောဂါကူးစက်ဖြစ်ပွားမှုသည် များပြားလာနေဆဲဖြစ်ကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့ထိ ပြည်နယ်တစ်ခုလုံးတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ၈၀၂ ဦး ဆေးရုံတက်ရောက်ကုသမှု ခံယူနေရပြီး သေဆုံးသူ ၃၈ ဦးရှိပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် မဖြစ်မနေဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံသား အားလုံး၊ အလွှာအားလုံး၊ ပြည်သူများအားလုံးကလည်း  ကွဲပြားခြင်းမရှိဘဲ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရမည့်ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ မြို့နယ်တိုင်းတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ ရှိသော်လည်း ပြီးပြည့်စုံနိုင်ခြင်းမရှိဘဲ လိုအပ်ချက်များရှိနေသေးကာ ထိုလိုအပ်ချက်များကို စုပေါင်းဆွေးနွေးတိုင်ပင်ညှိနှိုင်းပြီး လိုအပ်သည်များကိုဖြည့်ဆည်း၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ Volenteer များ၊ ဆေးရုံများ၊ Quarantine Center များနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်သည့် ပစ္စည်းကိရိယာများ၊ ဆေးဝါးများ၊ စက်သုံးဆီ၊ မော်တော်ယာဉ် စသည်တို့ကိုလည်း ပံ့ပိုးနိုင်အောင် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယခုချိန်ထိ Oxygen လိုအပ်ချက်ကို ထိန်းထားနိုင်သော်လည်း လိုအပ်ချက် များလာပါက မည်သို့ထပ်မံ ဆောင်ရွက်သွားမည်ကိုလည်း ကြိုတင်စဉ်စားကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ပြီး ပြည်သူအများ ထိခိုက်သေဆုံးမှုမရှိစေရေးနှင့် ကပ်ရောဂါဆိုးကို တွန်းလှန်ကျော်လွှားနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ပေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် ဘားအံမြို့ ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်၍ ဆေးပညာအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ချိုချိုစန်းထူး အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး     - မင်္ဂလာပါဆရာမ၊ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရမှုအခြေအနေ များကို ရှင်ပြပေးစေလိုပါတယ်၊

ဖြေ     - ကိုဗစ်ကဖြစ်လာတာလည်း တစ်နှစ်ကျော်ပြီဆိုတော့ အများသိထားတဲ့အတိုင်း အထိအတွေ့ ကနေပြီးကူးနိုင်တယ်၊ အသက်ရှုတဲ့အခါ ရောဂါပိုးပါတဲ့လေကို ရှူမိတဲ့အခါမှာလည်း ကူးနိုင်တယ်။ အဓိကတော့ လူစုလူဝေးတွေစုမိတယ်ဆိုလျှင်လည်း တစ်ယောက်နဲ့တစ်ယောက်က ၆ ပေမကွာဘူး၊ ဒီတစ်ယောက်ကနှာချေလိုက်လို့ သူ့အမှုန်ကိုရှုမိလျှင် ကူးတယ်၊ လက်ဖက်ရည်ဆိုင်မှာ ထိုင်တယ်၊ တစ်ယောက်နဲ့တစ်ယောက် ပူးကပ်ထိုင်တယ်၊ အထိအတွေ့ ရှိတယ်၊ ရှုထုတ်လိုက်တဲ့လေကို ရှုမိတယ်၊ ချောင်းဆိုတာကို ရှုမိလိုက်တယ်ဆိုလျှင်လည်း ကူးပါတယ်၊ လူစုလူဝေးတွေကြောင့်လည်း ကူးနိုင်တယ်၊ အဓိကလူစုလူဝေး မလုပ်စေချင်ပါဘူး၊  လူစုလူဝေးများလေ ကူးတဲ့နှုန်းပိုပြီးများ လေဖြစ်မှာပါ။

မေး     - ဟုတ်ကဲ့ပါဆရာမ။ နောက်တစ်ခုက တတိယလှိုင်းမှာဖြစ်တဲ့ ကိုဗစ်က ရာသီတုတုပ်ကွေးနဲ့ လည်း အလားသဏ္ဍာန်တူတယ်လို့ ပြောတယ်၊ အဲဒီတော့ ရာသီတုပ်ကွေးနဲ့ ကိုဗစ်ဟာ ဘယ်လိုကွာခြားမှုရှိတယ်ဆိုတာရယ်၊  ဖြစ်လာပြီဆိုလျှင် ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတဲ့ ရှောင်ရန်ဆောင်ရန် အချက်လေးတွေလည်း ဆရာမကြီးအနေနဲ့ ရှင်းပြပေးစေလိုပါတယ်။

ဖြေ     - ဟုတ်ကဲ့ပါ။ ရာသီတုပ်ကွေးနဲ့ ကိုဗစ်ကိုကြတော့ ဒီအတိုင်းဆို ခွဲလို့မရဘူးပေါ့၊ ရာသီတုပ်ကွေးကလည်း တစ်ကိုယ်လုံး ကိုက်မယ်ခဲမယ်၊ နှာစေးလာမယ်၊ ဖျားမယ်ပေါ့နော်၊ ကိုဗစ်ကလည်း စလို့ရှိလျှင် တစ်ကိုယ်လုံးကိုက်ခဲလာမယ်၊ ဖျားလာမယ်၊ နှာပိတ်သလိုလိုဖြစ်ပါမယ်၊ တစ်ခုကွာခြားချက်က ရာသီတုပ်ကွေးက ကိုက်ခဲတယ်၊ နှာစေးတယ်၊ ဖျားတယ်။ ပြီးပြီဆိုလျှင် အိုကေသွားတယ်၊ ကိုဗစ်ကျတော့ ထူးခြားတာတစ်ခုက အနံ့ပျောက်သွားတာတစ်ခုရှိတယ်၊ လုံးဝအနံ့ မရဘူးပေါ့နော်၊ နှာခေါင်းထဲမှာရှိတဲ့ အနံ့ခံတဲ့အစိတ်အပိုင်းလေးတွေကို ဒီဗိုင်းရပ်ပိုးက ထိတွေ့တဲ့အခါမှာ ခဏဖျက်ဆီး လိုက်တယ်။ အဲဒီအခါမှာအနံ့ပျောက်သွားတယ်။ ဒါကထူးခြားချက်တစ်ခုပေါ့နော်၊ ကွာခြားတာက ရာသီတုပ်ကွေးက သေဆုံးနှုန်းအလွန်နည်းတယ်။ ကိုဗစ်-၁၉ ကျတော့ သေဆုံးမှု အထိုက်အလျောက်ရှိတယ်၊ အခု မျိုးဗီဇအသစ် ကိုဗစ်မှာ သေဆုံးနှုန်းက ပိုပြီးတော့မြင့်လာတယ်၊ ရာသီတုပ်ကွေးနဲ့ အခြေခံအချက်အလက်တွေကတူတယ်၊ ထူးခြားတာကတော့ အနံ့ပျောက်သွားတာရယ်၊ သေဆုံးနှုန်းပိုပြီးတော့ မြင့်တာရယ်ပေါ့၊ ကူးစက်နှုန်းကလည်း အဆတော်တော်များများပိုပြီးတော့မြင့်လာပါတယ်။

မေး     - ဟုတ်ကဲ့ပါဆရာမ။ ယခုတတိယလှိုင်းမှာမျိုးဗီဇပြောင်းသွားတဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး တော့ ရောဂါကူးစက်ခံရလျှင် ဖြစ်ပေါ်လာတဲ့ လက္ခဏာလေးတွေကိုလည်း ရှင်းပြပေးစေချင်ပါ တယ်။

ဖြေ     - ဟုတ်ကဲ့ပါ။ မျိုးဗီဇပြောင်းလို့ လက္ခဏာက ပြောင်းလဲမသွားပါဘူး၊ အရင်ကိုဗစ်လည်း ဒီအတိုင်းပဲ။ အခုကိုဗစ်လည်း ဒီအတိုင်းပါပဲ။ နိုင်ငံတကာသုတေသနအရ ပျံ့ပွားနှုန်းကနည်းနည်း ပိုပြီးတော့မြန်လာတယ်၊ ကျွန်မအတွေ့အကြုံအရပြောရလျှင် နည်းနည်းပိုပြီးတော့ ပြင်းထန် လာတယ်၊ သေဆုံးနှုန်းကလည်း ပိုပြီးတော့ မြင့်လာတယ်၊ လက္ခဏာပြောင်းသွားတာတော့ မရှိပါဘူး။

မေး     - ဟုတ်ကဲ့ပါ။ ယခုလက်ရှိကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးတော့ တော်တော်များများက ထိတ်လန့်နေကြပါတယ်။ တစ်ယောက်တစ်မျိုး ပြောနေကြတာလည်း ကြားနေရပါတယ်၊ ဆရာမကြီးအနေနဲ့ ကိုဗစ်ကူးစက်မခံရအောင် ဘယ်လိုပြုမှုနေထိုင်သင့်လဲ ဆိုတာကို ပြည်သူတွေ သိအောင် ရှင်းပြပေးစေချင်ပါတယ်။

ဖြေ - ဟုတ်ကဲ့ပါ။ ကပ်ရောဂါဆိုတဲ့ သဘောသဘာဝကို နည်းနည်းလေးရှင်းပြချင်တယ်၊ ကမ္ဘာတစ်ဝန်းက သုတေသနပြုလုပ်ချက်တွေအရ ကပ်ရောဂါတွေမှာ အဆင့်(၄)ဆင့်ရှိတယ်၊ ကိုဗစ်နဲ့အခြေခံပြီး ပြောပြရလျှင် အဆင့်(၁)မှာဆိုလျှင် ပြည်ပနိုင်ငံတစ်ခုကနေပြီး ပြန်လာတယ်၊ သယ်လာတယ်၊ လေယာဉ်ကွင်းက အဆင်းမှာတွေ့တယ်၊ ဒါမျိုးဆိုလျှင်အဆင့်(၁)လို့ ခေါ်တယ်ပေါ့နော်၊ အဲဒီအချိန်မျိုးမှာဆိုလျှင် လေယာဉ်ကအဆင်းမှာ လည်ချောင်း၊ နှာခေါင်းတို့ဖတ်တွေယူတယ်၊ တွေ့တယ်ဆိုတာနဲ့ Quarantine   ထားလိုက်တယ်၊ အဲဒါက အဆင့်(၁)ပါ။ အဆင့်(၂)မှာဆိုလျှင် ၎င်းကနေပြီးတော့ သူ့ရဲ့မိသားစုတွေ၊ သူနဲ့အတူ လူစုလူဝေးလုပ်ခဲ့မိတဲ့သူတွေကို ကူးတယ်၊ အဲဒီအခါမျိုးမှာဆိုလျှင် Case ကိုတွေ့အောင်ရှာရတယ်၊ ပြီးလျှင် ဖမ်းထိန်းထားလိုက်ရတယ်၊ အဆင့်(၁)နဲ့(၂)နဲ့မှာ အပတ်တကုတ်ကြိုးစားပြီး အဆင့်(၃)ကိုမရောက်အောင်  ထိန်းရတယ်ပေါ့နော်၊ သို့သော် ကူးစက်ရောဂါသဘာဝအရ အဆင့်(၃)ကိုမဖြစ်စေရဘူးလို့တော့ လုပ်လို့မရဘူး၊ တဖြည်းဖြည်းနဲ့ပျံ့နှံ့လာတဲ့ သဘော သဘာဝတော့ရှိတယ်၊ ကပ်ရောဂါရဲ့သဘောသဘာဝအရ အဆင့်(၂)ပြီးလျှင် အဆင့်(၃)လာတာပဲ။ အဆင့်(၃)က ဘယ်လိုလဲဆိုတော့ ဟိုဘက်ရပ်ကွက်မှာ တစ်ယောက်၊ ဒီဘက်ရပ်ကွက်မှာ တစ်ယောက်၊ ဘယ်ကရယ်လို့ ရင်းမြစ်ရှာလို့ မရဘူး။ ဥပမာ နိုင်ငံခြားကပြန်လာလို့လည်း မဟုတ်ဘူး၊ ခရီးကပြန်လာတဲ့ရာဇဝင်လည်း မရှိဘူး၊ အလိုလိုပေါ်ပေါက်လာတာဖြစ်တယ်၊ ဘယ်ကနေကူးတယ်ဆိုတာကို ရှာလို့မရဘဲနဲ့ Case တွေစပြီး ဖြစ်လာတာပေါ့၊ ဆရာမတို့ဆီမှာတော့ မတ်၊ ဧပြီ လောက်မှာ ဘယ်ကမှန်းရှာလို့မရဘဲနဲ့ Case တွေစပေါ်လာတာမျိုး ဖြစ်လာပါတယ်၊ အဲဒါကအဆင့်(၃)ဖြစ်ပါတယ်။ အဆင့် (၃)ကနေပြီးတော့ အလွန်လျင်မြန်စွာနဲ့ အဆင့်(၄)ကို ပြောင်းတတ်တယ်၊ ကပ်ရောဂါရဲ့သဘာဝကို နားလည်စေချင်တာပါ၊ အဆင့်(၃)ပြီးလျှင် အဆင့်(၄)သည် အော်တိုအမြန်လာမှာပဲ။ အဆင့်(၄)ဆိုတာကတော့ အလွန်ကျယ်ပြန့်တဲ့နေရာမှာ အုံလိုက်ကျင်းလိုက်ဖြစ်တာကို ဆိုလိုတာပါ။ အခုဆိုလျှင် ရန်ကုန်လိုနေရာမျိုးမှာ ဖြစ်နေပြီ၊ မန္တလေးဖြစ်နေပြီ၊ အခုလည်း ဘားအံမှာ စပြီးတော့ အုံလိုက်ကျင်းလိုက် ဖြစ်နေပြီ။ အဆင့်(၁)နဲ့ (၂)မှာတော့ Case ကိုအမြန်ရှာတယ်၊ Quarantine လုပ်တယ်၊ အဆင့်(၃)မှာဆိုလျှင် Lock Down တွေချရတယ်၊ ထပ်ပြီးကျယ်ကျယ်ပြန့်ပြန့် မဖြစ်ဖို့အတွက် Lock Down ချရခြင်းဖြစ်ပါတယ်၊ ကုန်တိုက်ကြီးတွေ ပိတ်ပစ်လိုက်တာတို့၊  ဘားတွေ၊  နိုက်ကလပ်တွေပိတ်လိုက်ရတာတို့ အဲဒါမျိုးတွေပေါ့နော်၊ နေရာတွေ မြို့တွေ Lock Down ချရတာမျိုးပေါ့နော်၊ အဲဒီကနေပြီးတော့ အဆင့်(၄) အုပ်အော်သောင်းနင်း အကုန်ဖြစ်ပြီဆိုလျှင် ဆရာမတို့အပိုင်းက အုပ်စုလိုက် ဆောင်ရွက်ရတဲ့ပုံစံမျိုးတွေဖြစ်လာတယ်၊ ဥပမာ ယခင်တုန်းက လူနာ အယောက် (၂၀)တွေ့လျှင် အယောက် (၂၀)လုံး ဆေးရုံပေါ်မှာ ဖမ်းတင်ထားနိုင်တယ်၊ Contest  ၁၀၀ တွေ့ ၁၀၀ လုံးကို Quarantine စုထားနိုင်တယ်၊ ဒါပေမယ့် အဆင့်(၄)ဖြစ်ပြီဆိုလျှင်တော့ အဲလိုပုံစံမျိုးမဟုတ်တော့ဘူး၊ ဥပမာ ဆေးရုံကခုတင် ၅၀ ဆံ့ဆိုပါစို့။ အနံ့ပျောက်သွားတာသည် ၁၀၀၊  အသဲအသန်ဖြစ်နေ တာသည် ၁၀၀ ဆိုလို့ရှိလျှင် ၂၀၀ လုံးကို ဖမ်းပြီးတော့ ဆေးရုံတင်ထားဖို့ရာအတွက် အခက်အခဲ ရှိလာပြီ။ အဲဒီအခါမျိုးမှာဆိုလျှင် ပုံမှန်အနံ့ပျောက်တာတို့၊  ငွေ့ငွေ့ဖျားတာတို့ဆိုလျှင် ခဏအသာ ထားပြီး အသဲအသန်သမားတွေကို ဦးစားပေးကုရတယ်၊ အဲဒီအခါမှာ ဝမ်းနည်းစရာတော့ကောင်း တယ်၊ အကုန်လုံးကို ကုပေးလို့မရဘူးလေ၊ ခုတင် ၅၀ ရှိတာကို ၁၀၀၀ တင်လို့မရဘူး၊ အသဲအသန် လူကို ရွေးထုတ်ပြီးတော့ ကုရတယ်တဲ့သဘောရှိပါတယ်၊ အဲဒီအခါမှာ ခုတင်မလုံလောက်မှုတွေသည် သဘာဝတရားအရကို ပေါ်ပေါက်လာတယ်၊ နိုင်ငံတကာမှာလည်းဒီလိုပဲ၊ မြန်မာမှာလည်းဒီလိုပဲ၊၊ ကိုယ့်တစ်နိုင်ငံတည်းမှ ထူးဖြစ်တာမဟုတ်ဘူး၊ ကမ္ဘာအနှံ့မှာလည်း ဒီလိုဖြစ်နေကြတာပဲ၊ နောက် တစ်ခုက ကျန်းမာရေးဝန်ထမ်း ဆရာဝန်၊ ဆရာမတွေဟာ လူရောစိတ်ရော အရမ်းပင်ပန်းသွားတဲ့ အနေအထား၊ နောက်တစ်ခုက ပစ္စည်းယန္တရား မလုံလောက်မှုပေါ့၊ ဥပမာ အသဲအသန်ဖြစ်တာက လူ ၆၀။ ပေးနိုင်တဲ့ Oxygen  စက်အနေအထားက လူ၂၀ ပဲရှိတယ်ဆိုလျှင် အသဲအသန်သမားကို ဦးစားပေးရတယ်။ အဲဒီလိုမျိုးပေါ့နော်၊ ပြောချင်တာက ဆေးရုံတက်ချင်တယ် ဖြစ်တဲ့အခါမှာ ဆရာမတို့က ဇွန်လထဲမှာဆိုလျှင် စုစုပေါင်း ၆၄ ယောက်ရှိတယ်၊ အကုန်လုံးထိန်းထားနိုင်တယ်၊ ဇူလိုင်လထဲမှာတော့ ကပ်ရောဂါ အဆင့်(၄)ရဲ့သဘာဝအရ ၁၃ ရက်နေ့ထိကို စုစုပေါင်း လူနာ ၈၇ ယောက်လောက်အထိ ရုတ်တရက်တက်လာတယ်၊ ခုတင် ၂၀၀ဆ့ ဆေးရုံဆိုတော့ ဝန်ထမ်းအင်အား ကလည်း အားလုံးသိတဲ့အတိုင် အရမ်းနည်းသွားတဲ့အခါကျတော့ တကယ်တမ်းလက်ခံနိုင်တာက လူ ၃၀ အတွက်ပဲ လက်ခံနိုင်ပေမယ့် ရုတ်တရက် ဝုန်းခနဲ့ တက်လာတဲ့အခါကျတော့ လူနာဦးရေ ၈၇ ဦးလောက်အထိကို လက်ခံထားလိုက်နိုင်သော်လည်း တကယ်တမ်းပြောချင်တာကဆေးရုံသည် ရောဂါဖြစ်လာတဲ့ ပမဏအတွက် လုံလောက်မှုမရှိတော့ဘူး၊ အဲဒီအချိန်မှာ အခြား  Center တွေလည်းဖွင့်ရတယ်၊ သိပ်ပြီးအခြေအနေမဆိုးတဲ့သူတွေကို အခြားစင်တာတွေကိုပို့၊ ဘားအံဆိုလျှင် တိုင်းရင်းဆေးရုံ၊ နတလ သင်တန်းကျောင်းတွေကို ပို့၊ အသဲအသန်လူနာတွေကို ဒီဆေးရုံမှာစု ထားပြီး Oxygen   ကို လူတိုင်းလူတိုင်းအတွက် မပေးနိုင်တော့ဘဲ  အသဲအသန်လူနာတွေကိုသာ ဦးစားပေး၊ ပြန်ပြီးရွေးချယ်ရတာပေါ့နော်၊ ကျန်တာတွေကတော့ ရောဂါကာကွယ်တားဆီးရေး Publice Health ပေါ့နော်။ သူ့အပိုင်းနဲ့သူ ရှာဖွေပေးတာတွေရှိပါတယ်၊ ဖြစ်တဲ့လူဦးရေ အရမ်များ လာတော့ ယခင်နဲ့က မတူနိုင်တော့ဘူးပေါ့နော်၊ နားလည်ပေးစေချင်တာပါ၊ ပြည်သူ့ဆေးရုံသည် အသဲအသန် လူနာတွေကို တာဝန်ယူပေးတယ်၊ သာမန်အနံ့ပျောက်တာလောက်ကတော့ Publice Health ပြည်သူ့ကျန်းမာ အစီအစဉ်နဲ့စစ်ပေးတယ်၊ Quarantine Center တွေကိုပို့ပေးတယ်။ အဲဒါမျိုးလေးတွေကွဲပြားစေချင်တာပါ။

မေ      - ဟုတ်ကဲ့ပါဆရာမ။ ဘားအံဆေးရုံမှာရော Oxygen  လုံလောက်မှုရှိရဲ့လားဆိုတာ ရှင်းပြ ပေးစေချင်ပါတယ်။

ဖြေ     - ဟုတ်ကဲ့။ Oxygen ကတော့ လောလောဆယ်အချိန်ထိ ဆေးရုံပေါ်က လူနာတွေအတွက် ပြတ်လပ်တယ်ဆိုတဲ့အဆင့်ထိ မရောက်သေးပါဘူး၊ ယခင်ကတည်းက အောက်စီဂျင်စက်အကြီးကြီး တစ်လုံးရှိတယ်၊ ပြီးတော့ ဝိသာခါဖောင်ဒေးရှင်းကနေပြီးတော့ အလှူငွေမတည်ပြီးတော့ နိုင်ငံတော်ဘဏ္ဍာနဲ့ပေါင်းပြီး သိန်းတစ်ထောင့်ငါးရာခန့် တန်ဖိုးရှိတဲ့ အောက်စီဂျင်ထုတ်လုပ်တဲ့ စက်ကြီးတစ်လုံးကို ဧပြီလကုန်လောက်မှာ ဖွင့်လှစ်လိုက်နိုင်ခဲ့တဲ့အတွက် ဒီတတိယလှိုင်းအမီကို ပြီးသွားတယ်ဆိုတော့ အဲဒီကနေပြီးပိုက်လိုင်းတွေနဲ့ ကိုဗစ် အသဲအသန်အဆောင်တွေကို ဖြန့်ပေး နိုင်တယ်၊ Oxygen လိုအပ်ချက်က ရိုးရိုးရောဂါမှာလိုအပ်တာနဲ့မတူဘူး၊ သွေးက အောက်စီဂျင် သယ်တဲ့စနစ်ကို ပျက်သွားတာဖြစ်တဲ့ အတွက်ကြောင့်မို့ အဆုတ်မကောင်းလို့သေတာတင်မကဘူး ကိုဗစ်ရဲ့သဘာဝက သွေးအဖွဲ့အစည်းကိုပါဖျက်ဆီးလိုက် တာ၊ သွေးနီဥကအောက်စီဂျင်သယ်တယ်၊ သွေးနီဥကို အောက်စီဂျင်သယ်လို့မရအောင် ကပ်ပြီးတော့ အောက်စီဂျင်သယ်တဲ့ စနစ်ကို ဖျက်လိုက်တော့ သွေးသာရှိတယ် အောက်စီဂျင်မသယ်တော့လို့ပုံမှန် ၉၆၊ ၉၈ ရှိရမယ့်နေရာမှာ ၈၀ ၊ ၆၀၊ ၄၀ အဲလိုမျိုး ချက်ချင်းထိုးကျပြီး ချက်ချင်းသေဆုံးသွားတာပါ၊ အဲဒါကိုကာမိအောင် အောက်စီဂျင်ကို တအားမှုတ်ပြီးသွင်းရတာဖြစ်ပါတယ်၊ အောက်စီဂျင်ကုန်ကျတာအရမ်းများတယ်။ အခုထက်ထိတော့ ရုပ်ပျက်ဆင်းပျက်တော့မဖြစ်သေးဘူး၊ ဒါပေမယ့် စိုးရိမ်ရတဲ့အနေအထားကိုတော့ ရောက်တော့ရောက်လာပြီပေါ့နော်၊ ဒီထက်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာလျှင်တော့ စိတ်ပူရတဲ့ အနေအထားမျိုးဖြစ်လာနိုင်ပါတယ်။ ဒီအောက်စီဂျင်စက်အပြင် အားကူထားရတဲ့စက်တွေလည်း ရှိသေး၊ အခုထက်ထိတော့ အတော့်ကိုကျားကန်ထားရတယ်၊ ခံနိုင်ဝန်ထက်တော့ နည်းနည်းလေး ကျော်နေပြီလို့ဆိုရမှာဖြစ်ပါတယ်။ လက်ရှိ ဆရာဝန်၊ ဆရာမအင်အားကလည်း တော်တော်နည်း သွားပါတယ်၊ ဒီဆေးရုံမှာဆိုလျှင် ၉၇ ယောက်သော ကိုဗစ်လူနာများအတွက် ဆရာမနဲ့ အခြား သမားတော်က နှစ်ယောက်၊ သူနာပြုဆရာမ(၇)ယောက်က ခြောက်လလောက်ရှိပြီ။ နေ့ရောညရော တစ်ရက်မှလည်း ပိတ်ရက်မရဘဲနဲ့ တောက်လျှောက်ကုသပေးနေရတယ်၊ ဟိုဘက်လတွေတုန်း ကတော့ ကိုဗစ်လူနာအရမ်းမများတော့ အဆင်ပြေပါသေးတယ်၊ ဒီတစ်လနှစ်လအတွင်းမှာတော့ ကိုဗစ်လူနာအရမ်းများလာတော့ ပိုပြီးပင်ပန်းကြလာကြတယ်။ ကြိုးစားပြီးတော့ လုပ်ပေး နေကြရပါတယ်၊ ဒီလောက်နဲ့ပဲ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်၊  စိုးရိမ်ရတဲ့အနေအထား ကိုတော့ ရောက်နေပြီပေါ့နော်။

မေး     - ဆရာမကြီးအနေနဲ့ ကိုဗစ်ကာလမှာ ကုသမှုနဲ့ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။

ဖြေ     - ဟုတ်ကဲ့ပါ။ ကုသမှုနဲ့ပတ်သက်လို့ အခုချိန်ထိ အောက်စီဂျင်လည်း ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်သေးဘူး၊ ဘယ်လောက်အထိ တင်းခံနိုင်မလဲတော့ ပြောလို့မရသေးဘူး၊ ဒီထက်ပြိုဆင်းလာ လို့ရှိလျှင်တော့ အောက်စီဂျင် လိုအပ်ချက်ရှိလာမှုတွေ ရှိလာနိုင်ပါတယ်၊ မိဘပြည်သူအားလုံးအနေနဲ့ ဒီကပ်ရောဂါက ဆရာဝန်၊ ဆရာမတွေနဲ့ ဆိုင်တဲ့ရောဂါမဟုတ်ဘူး၊ လူသားအားလုံးနဲ့ဆိုင်တဲ့ရောဂါ၊ ဒီကရင်ပြည်နယ် တစ်ခုလုံးနဲ့ဆိုင်တဲ့ ရောဂါဖြစ်တဲ့ အတွက်ကြောင့်အားလုံး ကနေပြီးတော့  တစ်တပ် တစ်အား အာရုံစိုက်ဝိုင်းကူရမယ့်အချိန်လေးကို ရောက်လာပြီး၊ ဆေဝါးတွေအနေနဲ့က တော်တော်လေးအဖိုးတန်တဲ့ ကိုဗစ်ပိုးသတ်ဆေးတွေကိုလည်း အရမ်းဆိုးတဲ့သူတွေ မှာပေးပါတယ်၊ အဲဒါတွေကိုလည်း ယနေ့ထိတော့ မတောင်းမတပေးနေနိုင်သေးတယ်ပေါ့၊ ခုချိန်ထိတော့ အခြေအနေကောင်းနေပါ သေးတယ်၊ ဒါပေမယ့် ဝါယမစိုက်ရမယ့်အပိုင်းကိုတော့ ရောက်လာပြီပေါ့၊ ပရဟိတသမားတွေလည်းအရမ်းကောင်းတယ်၊ သူတို့တွေမပါဘဲ မဖြစ်နိုင်ဘူး၊ သေဆုံးတဲ့ လူနာဆိုလည်း အကုန်သင်္ဂြိုဟ်ပေးတယ်၊ လူနာသယ်တာ ပို့တာတွေ အကုန်လုံးကို ဝိုင်းကြတယ်။ လိုလေသေးကိုမရှိအောင်ပါဘဲ၊ ကျွန်မအရမ်းချီးကျူးမိပါတယ်၊ ပီတိလည်းဖြစ်ရတယ်၊ ဝမ်းလည်းသာရတယ်၊ ကျေးဇူးလည်းတင်မိပါတယ်၊ အခုခါမှာ လူနာတွေကအရမ်းကိုများတယ်၊ ၁၃ရက်နေ့ကဆိုလျှင် တစ်ရက်တည်းနဲ့ Positive  အယောက် ၂၀ ထွက်တယ်၊ သေလုမျောပါး တွေကလည်းအများကြီးပဲ။ ကျွန်မတို့က ပြန်ရှင်လာနိုင်အောင် တော်တော်လေးကို လုပ်ရတယ်၊ ရှင်အောင်လုပ်တဲ့ ကြားထဲက ဇွန်လထဲမှာဆိုလျှင် ၃ ယောက်သေတယ်၊ ဇူလိုင်လမှာတော့ ရုတ်တရက် ဝုန်းခနဲ လူနာများလာတယ်၊ ဒီကနေ့ထိ ၁၃ ယောက်လောက် လက်လွတ် လိုက်ရပြီးပြီပေါ့နော်၊ ဖြစ်တဲ့နှုန်းကလည်းခုန်တက်လာတယ်၊ သေတဲ့နှုန်းကလည်းလခုန်တက် လာတယ်ပေါ့နော်၊ အထူးသတိထားရမယ့်ကိန်းဂဏန်း အခြေအနေကိုရောက်လာပါပြီ။ ကပ်ရောဂါရဲ့ အခြေအနေဟာ အဆင့်(၄)ထိရောက်ရှိနေပြီဖြစ်ပါတယ်၊ ဒါကြောင့် မိဘပြည်သူအားလုံးကလည်း အထူးဂရုစိုက်ပြီး တစ်ယောက်ချင်းက အလေးထားစေချင်ပါတယ်။ ယခုဖြစ်ပွားလျက်ရှိသည့် ကပ်ရောဂါဟာ ဆေးရုံတစ်ခုတည်းနဲ့ ဆိုင်တာမဟုတ်ပါဘူး၊ လူသားအားလုံးနဲ့ဆိုင်တာဖြစ်တဲ့ အတွက်ကြောင့် နည်းနည်းလေးတော့ သတိထားပေးကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။

ဆက်လက်၍ ဘားအံမြို့နယ်တွင် ယခုလက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ရောဂါနဲ့ပတ်သက်ပြီး ဘားအံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး     - မင်္ဂလာပါဆရာ။ လက်ရှိဘားအံမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေတဲ့အခြေအနေကိုသိလိုပါတယ်။

ဖြေ     - ဘားအံမြို့နယ်ပြည်သူ့ဆေးရုံးကြီးမှာ ခုတင်(၂၀၀)ဆံ့ဆေးရုံကြီးဖြစ်ပြီး ယခင်က ကိုဗစ်စင်တာအဖြစ် ခုတင်(၇၀)ခန့်ထားရှိကုသပေးပါတယ်။ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းအခြေ အနေအရ    ခုတင်(၃၀) လူနာ(၃၀)ဦးစီထားရှိဖို့ စီစဉ်ထားသော်လည်း လက်ရှိမှာတော့ လူနာဦးရေ တစ်နေတခြား များပြားလာတဲ့အတွက် လလူနာ (၇၀)ခန့် ကုသပေးနေပါတယ်။

မေး     -ဟုတ်ကဲ့ပါဆရာ။ ဘားအံမြို့နယ်မှာ ယခုလက်ရှိ  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေနဲ့  ကြုံတွေ့နေရတဲ့ အခြေအနေများလည်း  ရှင်းပြပေးစေလိုပါတယ်။

ဖြေ- ယခုလက်ရှိ ကြုံတွေ့နေရတဲ့ အနေထားမှာတော့ ကိုဗစ်-၁၉ ရောဂါဟာ ကူးစက်မှုမြန်ပြီး ရောဂါဖြစ်တဲ့သူတွေဟာဆိုလျှင် ပြင်းထန်မှုအတော်ဆိုးရွားပါတယ်၊ ထိခိုက်မှုတွေလည်း တော်တော်များပါတယ်။

မေး     - ဟုတ်ကဲ့ပါဆရာ။ ဘားအံပြည်သူ့ဆေးရုံမှာ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေတွေကို  သိလိုပါတယ်။

ဖြေ     - ဟုတ်ကဲ့ပါ။ လက်ရှိမှာ ဆေးရုံတက်ရမည့်လူနာများကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးပါတယ်၊ ဆေးရုံတက်ဖို့ လိုတဲ့သူတွေ၊ ခွဲစိတ်ခန်း၀င်ဖို့လိုတဲ့သူတွေကိုတော့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပြီး ကိုဗစ်ပိုးတွေ့ရှိတဲ့လူနာတွေကို သီးခြားခွဲပြီး ဆောင်ရွက်နေပါတယ်။ ပြင်းထန်တဲ့လူနာ တွေကို ဆေးရုံမှာထားတယ်။ နည်းနည်း သက်သာလာတဲ့လူနာများကို Quantaine Center တွေကို ပို့ပါတယ်၊ Quantaine Centerကတော့ တိုင်းရင်းဆေးရုံကြီးနဲ့  နတလ သင်တန်းကျောင်း ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာ ထူးခြားတာကတော့ ရောဂါဖြစ်တဲ့သူအားလုံးက ပြင်းထန်မှုများပြား လာပြီး ဆေးရုံတက် ကုသရမယ့်အခြေအနေတွေ ဖြစ်တာကြောင့် လက်ရှိဆေးရုံမှာ လူနာခုတင်မလုံလောက်မှု အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

မေး- နောက်တစ်ခုက ဆရာတို့ကျန်းမာရေးဌာနအနေဖြင့် ပြည်သူတွေကိုယခုလက်ရှိ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေကိုလည်း သိလိုပါတယ်။

ဖြေ- ဟုတ်ကဲ့။ လက်ရှိမှာ ကာကွယ်ဆေးထိုးနှံနေမှု အပိုင်းကိုတော့ ပြည်သူများကို ပြည်သူ့ကျန်းမာရေး က ဆောင်ရွက်နေပြီး ဆေးရုံအပိုင်းကတော့ ဆေးထိုးရမည့်ဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး (၂)ကြိမ်ပြည့်အောင် ဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။ ဆေးမထိုးရမည့် နို့တိုက် မိခင်နဲ့ ကိုယ်၀န်ဆောင်များသာ ကျန်ရှိပါတယ်။ နောက်ထပ် ကာကွယ်ဆေးရောက်လာလျှင်လည်း ဆက်ပြီး ထိုးနှံသွားမှာပါ။

မေး     -ဟုတ်ကဲ့ပါဆရာ။ ယခုလက်ရှိအနေအထားအရ နေရာတိုင်းမှာ အောင်စီဂျင်ပြတ်လပ်မှုတွေ ကြုံတွေ့နေရတယ် လို့ကြားသိနေရပါတယ်။ ဘားအံဆေးရုံကြီးမှာရော လူနာများအတွက် အောက်စီဂျင်ပြတ်လတ်မှု မရှိအောင် စီမံထားမှု အခြေအနေတွေကိုလည်း သိလိုပါတယ်။

ဖြေ     -ဟုတ်ကဲ့။ လက်ရှိအနေအထားအရ ယနေ့အထိ အောက်စီဂျင်သုံးစွဲမှုနှုန်းနဲ့  ပေးဝေနိုင်မှုနှုန်းက မျှခြေမှာရှိပါတယ်။ အခက်အခဲတော့မရှိပါဘူး။ ဒီထက်ပိုလိုအပ်လာလျှင်တော့ အောက်စီဂျင်အိုးတွေ ဆောင်ထားဖို့ စီစဉ်ထားတွေ တော့ရှိပါတယ်။ နောက်ထပ်ပြီးတော့ အောက်စီဂျင် Plantတွေ တည်ဆောက်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်ထားတာတွေရှိပါတယ်။

မေး     -ဟုတ်ကဲ့ပါဆရာ။ ယခုလက်ရှိအခြေအနေတွင် ကိုဗစ်စင်တာတွေမှာ ကုသမှုအပိုင်းတွေ ဘယ်လိုဆောင်ရွက် ပေးထားပါသလဲ၊ ရှေ့ဆက်ပြီး ကိုဗစ်စင်တာတွေမှာ ဆောင်ရွက်မည့် အခြေအနေတွေကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ     - ဟုတ်ကဲ့။ ကုသရေးစင်တာမှာ လက်ရှိမှာတော့ ဘားအံဆေးရုံကြီးလို လူနာများများနဲ့ ထားနိုင်ဖို့အတွက် တိုင်းရင်းဆေးရုံကြီးကို ကိုဗစ်-၁၉ ကပ်ရောဂါကုသမည့် ဆေးရုံတစ်ရုံဖြစ်ဖို့ အတွက် ဆောင်ရွက်နေပါတယ်၊ လက်ရှိကိုဗစ်စင်တာတွေမှာတော့ ရှိတဲ့ကျန်းမာရေး ဝန်ထမ်းအင်အားနဲ့Volunteerတွေ၊  သက်ဆိုင်ရာမြို့နယ် ကျန်းမာရေး ဦးစီဌာနမှူးတွေက  ဦးစီးပြီးဆောင်ရွက်နေကြပါတယ်။

မေး     -ဟုတ်ကဲ့ပါဆရာ။ ဆရာအနေနဲ့ ပြည်သူများကို ကိုဗစ် -၁၉ရောဂါ မဖြစ်ပွားအောင် ဘယ်လိုလိုက်နာဆောင်ရွက် သင့်တယ်၊ ဘယ်လိုရှောင်သင့်တယ်ဆိုတာကိုလည်း  ထပ်မံဖြည့်စွက် ပြောကြားစေလိုပါတယ်။

ဖြေ     -ဟုတ်ကဲ့ပါ။ဆောင်ရန်၊ ရှောင်ရန်ကတော့အားလုံး သိကြတဲ့အတိုင်း Mask(နာခေါင်းစည်း) တပ်ဖို့၊ လက်ဆေးဖို့၊ ခြောက်ပေအကွာ နေထိုင်ပြောဆိုကြဖို့နဲ့ လူစုလူဝေး မလုပ်ကြဖို့ဖြစ်ပါတယ်။ တကယ်တမ်း ကိုဗစ်ကာကွယ်ဖို့ဆိုတာ အရမ်းရိုးရှင်းတဲ့ ဆောင်ရွက်မှုတွေကြီးပါပဲ။ လူတိုင်းလည်းလိုက်နာ ဆောင်ရွက်နိုင်ကြပါတယ်။ ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ အကြံပြုလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

သတင်းမှတ်တမ်း- အောင်ဇော်ဦး၊ စိုးစိုးအေး။

ဓာတ်ပုံမှတ်တမ်း-စောမျိုးမင်းသိန်း