သာယာဝတီခရိုင်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် တင်သွင်းလွှာများစစ်ဆေး

သာယာဝတီ သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့ နံနက်(၁၀)နာရီမှ စတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သာယာဝတီခရိုင်အတွင်း ပါဝင် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ စိစစ်ခြင်းကို သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ စစ်ဆေးခြင်းကို သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင်(၇)ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်း သူ(၅၆)ဦးတို့၏ ရှေ့မှောက်တွင် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းအလိုက် အမည်စာရင်းတင်သွင်းလွှာတွင် ဖော်ပြထားသော အမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်များ၊ မွေးသက္ကရာဇ်တို့ မှန်ကန်ခြင်း ရှိ/မရှိ၊ မူရင်းများ တင်ပြနိုင်မှုနှင့် မြန်မာနိုင်ငံ တွင် တစ်ဆက် တစ်စပ်တည်း ၁၀ နှစ် နေထိုင်ခြင်းရှိ/မရှိကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လွှတ်တော်ရွေးကောက် ပွဲ၊ ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များအတိုင်း စိစစ်ခဲ့သည်။

အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ခြင်းကို သြဂုတ်လ (၁၃)ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၁)နှင့် (၂)တို့ကို ဆက်လက်စိစစ်သွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးမှ သိရသည်။

သန့်ဇော်(ပြန်/ဆက်)