ဝန်းသို ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ (Covid-19 -Economic Relief Plan) ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်း ငွေကျပ်သိန်း ၁၇၀၀ ကို ကျေးရွာ (၆) ရွာသို့ ထုတ်ချေး ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၏ လုပ်ငန်းစဉ်အရ သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း၊ ကျေးရွာများတွင် ကော်မတီဖွဲ့စည်းခြင်း၊ ကျေးရွာ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊ ချေးငွေလျှောက်လွှာများချေးယူခြင်း၊ စိစစ်အတည်ပြုခြင်း၊ လုပ်ငန်း အကောင်အထည်ဖော်ရေးဆိုင်ရာ သဘောတူ စာချုပ်များချုပ်ဆိုခြင်း၊ စီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ကျေးရွာများ အလိုက်တောင်သူလက်ဝယ်သို့ ချေးငွေ ထုတ်ချေးခြင်း လုပ်ငန်းများကို လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီး အကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ကာလ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဝန်းသိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်အတွင်း (CERP) အရ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို အိမ်ခြေ ၁၀၁ အိမ်နှင့် အထက်ရှိသည့် ဇီးဖြူပင်ကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ကံကုန်း ကျေးရွာ၊ ရွာမ (နမ်းခမ်း) ကျေးရွာနှင့် ကင်းကြိမ်ဖူးကုန်းကျေးရွာတို့တွင် တစ်ရွာလျှင် စီမံကိန်းမတည် ရန်ပုံငွေကျပ်သိန်း ၃၀၀စီ ငွေကျပ်သိန်း ၁၅၀၀ ဖြင့် လည်းကောင်း ၊ အိမ်ခြေ ၅၁ အိမ်နှင့် ၁၀၀ကြားရှိသည့် အိုးပြစ်ကျေးရွာတွင် ရန်ပုံငွေကျပ်သိန်း ၂၀၀ဖြင့်လည်းကောင်း စုစုပေါင်းကျေးရွာ (၆) ရွာတွင် စီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၇၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)