ဒီပဲယင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း လုပ်ငန်းများဆောင်ရွက်

ဒီပဲယင်း   သြဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် ကြခတ်ကျေးရွာ အဆင့်မြင့်လယ်ယာမြေတွင် ရေဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းလုပ်ငန်းများကို တောင်သူ ဦးမြင့်သောင်းထွန်း လယ်မြေ ၅ ဧကမိုးစပါး ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပြသခဲ့သည်။

ဆက်လက်ပြီး စက်မှုလယ်ယာ ဦးစီးဌာနမှ ဦးမောင်မောင်လွင်က (CERP) အစီအစဉ်အရ တောင်သူများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးများ ထောက်ပံ့ပေးခြင်း ထွန်ယက်ရေးလုပ်ငန်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းတို့ကို စက်မှုလယ်ယာဦးစီးဌာနက စက်ကရိယာများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို လည်းကောင်း ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

သိန်းထွန်း (ဒီပဲယင်း)