ခင်ဦးမြို့မဈေးနှင့် အခြားကုန်ပစ္စည်းရောင်းချသောဆိုင်များအားလုံး (၇) ရက်ယာယီပိတ်မည်

 

 

ခင်ဦး ၊ ဇူလိုင် ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဇူလိုင်လ ၁၅ ရက်နေ့က မြို့မဈေးနှင့် အခြားကုန်ပစ္စည်းရောင်းချသောဆိုင်များ အားလုံးကို (၇) ရက် ယာယီပိတ်မည် ဖြစ်ကြောင်း အများပြည်သူများ သိရှိစေရန် မီးသတ်ကားဖြင့် လှည့်လည်ကြေငြာခဲ့သည်။

 

ထိုသို့ ယာယီပိတ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့မဈေး(အတွင်း၊ အပြင်)နှင့် မြို့တွင်းအိမ်ဆိုင်များ၊ လမ်းဘေးဈေးဆိုင်များ( စားသောက်ကုန်နှင့် ဆေးဆိုင်မှအပ) အခြားကုန်ပစ္စည်းရောင်း ချသော ဆိုင်များအားလုံး ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၇) ရက် ယာယီပိတ်သိမ်းထားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လိုအပ်သော စာနပ်ရိက္ခာများ ကြိုတင်ဝယ်ယူစုဆောင်းထားရန်နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် အပြင်ထွက်သည့်အခါတိုင်း ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအား လိုက်နာ ဆောင်ရွက် ကြရန် နှိုးဆော်ထားကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံက သိရသည်။

 

စိုးဝေအောင်(ခင်ဦး)