ချောက်မြို့နယ်၊ မကျီးကန်‌ကျေးရွာတွင် နွေစပါး စံကွက်ရိတ်သိမ်းပွဲကိုကျင်းပ

ချောက် ဩဂုတ် ၁၂

ချောက်မြို့နယ်၊ မကျီးကန်‌ကျေးရွာ၌ ယမန်နေ့  နံနက် ၉ နာရီခွဲအချိန်တွင် ချောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် နွေစပါးစံကွက် ရိတ်သိမ်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်မြတ်သင်းက "နွေစပါးတစ်ဧက ပျမ်းမျှ အထွက်နှုန်း ခန့်မှန်းသိရှိနိုင်ဖို့ ၆ဒဿမ၆ ပေပတ်လည်၊ အကွက်(၃) ကွက်မှ ပျမ်းမျှအထွက်နှုန်းကို‌ မှတ်တမ်း ကောက်ယူရပါတယ်၊ တစ်ဧက‌ရှိကောက်ပင်မှာ ပါ၀င်တဲ့ ကောက်နှံတနှံပါ အောင်စေ့အရေအတွက် ကောက်ယူ ရရှိမှုပေါ်မူတည်ပြီး တွေ့ရှိရတဲ့ အားသာချက်၊ အားနဲချက်များကို ချပြရှင်းလင်း၍ နောင်လာမည့်နှစ်တွေမှာ တစ်ဧကအထွက်နှုန်း ပိုမိုတိုးတက်လာဖို့အတွက် နွေစပါးစံကွက်ရိတ်သိမ်းခြင်းကနေ အခြေခံပြီး တောင်သူများနဲ့ လိုအပ်သည်များကို ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ပါတယ်"ဟု ပြောကြားသည်။

မကျီးကန်ကျေးရွာအုပ်စု၊ မကျီးကန်ကျေးရွာ၊ ကွင်းအမှတ် ၂၂၆၆၊ ဦး ပိုင်၃၁၊ တောင်သူ ဒေါ်စန်းစန်းအေး၏ လယ်မြေ(၂)ဧကတွင် နွေစပါး မနောသုခ စပါးစိုက်ခင်း ၀.၁ ဧက စံကွက်အားရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ရာ အစိုထွက် တစ်ဧကလျှင် (၁၂၃.၅၂) တင်းထွက်ရှိခဲ့သဖြင့် လယ်ပိုင်ရှင် ဒေါ်စန်းစန်းအေး က  ချောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာမှမြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်မြတ်သင်းနင့် ဝန်ထမ်းများက အပတ်စဉ် ကွင်းဆင်း၍ ခေတ်မီစိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခြင်းနှင့် ကြီးကြပ်ပေးခြင်းများ ဆောင်ရွက်ပေးမှုများကို အထူးပင် ကျေးဇူတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ချောက်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှမြို့နယ် ဦးစီးမှူး ဒေါ်အေးမြင့်မြတ်သင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများက ပူး‌ပေါင်း၍ နွေစပါးစံကွက် ရိတ်သိမ်းခဲ့‌‌ကြပြီး ချောက်မြို့တွင် နွေစပါးစိုက်ဧက(၄၈)ဧက စိုက်ပျိုးထားရှိပြီး ကောင်း၊ သင့်၊ ညံ့အလိုက် တောင်သူများထံ စံကွက်ရိတ်သိမ်းပြီး ပျမ်းမျှအထွက်နှုန်း‌ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မချို(ပြန်/ဆက်)