လက်ပံတန်း ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ယမန်နေ့ နေ့လယ်က အ.ထ.က သာရဝေါ ကိုဗစ်အတည်ပြု လူနာများအား ကျန်းမာရေး စောင့်ရှောက်မှုထားရှိပေးသော စင်တာတွင် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်းကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
လက်ပံတန်းမြို့နယ် ရေကြည်အုပ်စုသိမ်ကုန်းကျေးရွာနေ အသက်(၂၄)နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ဇွန်လ ၁၃ရက်နေ့က သာရဝေါတိုက်နယ်ဆေးရုံသို့ လာရောက်ပြသရာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပြီး အ.ထ.ကသာရဝေါ ကိုဗစ်အတည် ပြုလူနာများအား ကျန်းမာရေးစောင့်ရှောက်မှုထားရှိပေးသော စင်တာတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူနေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုယ်ဝန်ဆောင် အမျိုးသမီးအား သာရဝေါတိုက်နယ်ဆေးရုံမှ ဒေါက်တာ စိန်လွင်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းနှစ်ဦးတို့မှ ယမန်နေ့နေ့လယ်တွင် မွေးဖွားပေးခဲ့ရာ သားယောက်ျားလေးတစ်ဦး မွေးဖွားခဲ့ပြီး မိခင်နှင့်ကလေးနှစ်ဦးစလုံး ကျန်းမာကြောင်း သိရသည်။
ဝင့်နန္ဒာဌေး