ကျောက်တံခါးမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ ယာယီပိတ်သိမ်းမည်ဖြစ်ပြီး သတ်မှတ်နေရာများတွင်သာ ရောင်းချခွင့်ပြု

ကျောက်တံခါး ဇူလိုင် ၁၅
 
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ များပြားလာသည့် အတွက် လူစုလူဝေးမဖြစ်စေရန် စည်ပင်သာယာစျေးများ အား သတ်မှတ်နေရာအသီးသီးတွင် ပြောင်းရွှေ့ဖွင့်လှစ် ရောင်းချရန်နှင့် နေ့စဉ် နံနက် ၆ နာရီမှ နံနက် ၁၀ နာရီအထိသာ ရောင်းချခွင့် ပြုကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
 
ထိုသို့ရောင်းချရာတွင် အခြေခံစားသောက်ကုန် ကုန်စိမ်းကုန်ခြောက် သားငါး ဆိုင်များမှလွဲ၍ အခြားကုန် ပစ္စည်းများ ရောင်းချခြင်းခွင့် မပြုကြောင်းနှင့် စျေးအတွင်း ပြန်လည်ရွှေ့ပြောင်းဖွင့်လှစ်မည့်ရက်နှင့် ပြန်လည်ရောင်းချ နိုင်မည့် ကုန်ပစ္စည်းအမျိုးအစားများကိုလည်း ပြန်လည်ကြေညာပေးမည် ဖြစ်ကြောင်း၊ ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မရရှိမီအချိန်အထိ ယာယီပိတ်သိမ်း ထားကြောင်း၊ စျေးရောင်းစျေးဝယ်သူများအနေဖြင့် နှာခေါင်းစည်း(Mask)စနစ်တကျ တပ်ဆင်ဝယ်ယူ သွားလာကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ အတိုင်း လိုက်နာဆောင်ရွက်ကြ စေရန်တို့ကို ညွှန်ကြားထားကြောင်း သိရသည်။
 
စျေးများ ဖွင့်လှစ်ရောင်းချရာတွင် ကျောက်တံခါးမြို့စျေးအား မြို့နယ် အားကစားကွင်းတွင် လည်းကောင်း၊ ပဲနွယ်ကုန်းမြို့စျေးအား ပဲနွယ်ကုန်း မြို့ရှောင်လမ်းတွင်လည်းကောင်း၊ ဖဒိုမြို့စျေးအား ဖဒိုစျေးအတွင်းတွင် လည်းကောင်း ဖွင့်လှစ်ရောင်းချရန်နှင့် သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာခြင်းမရှိသူများကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဒေသန္တရအမိန့် ညွှန်ကြားချက်များအား ပြည်သူများ လိုက်နာသိရှိစေရန် မြို့နယ်အတွင်း လိုက်လံအသိပေး ကြေညာထားကြောင်း သိရသည်။
 
စန်းစန်း